မဲခေါင်၊ ဇွန ၂၃
ကမ္ဘောဒီးယားနှင့် နယ်စပ်ပိုင်နက် အငြင်းပွားပြဿနာ ကြီးထွားလာချိန်တွင် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က နိုင်ငံတစ်ဝန်းလုံးနှင့် နယ်စပ်ဒေသအသီးသီးမှ ကျားဖြန့်လုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် လူမှောင်ခို၊ မူးယစ်မှောင်ခိုနှင့် တရားမဝင်လောင်းကစားမှုများသည် အမျိုးသားလုံခြုံရေးကို အဓိက ခြိမ်းခြောက်နေသည့်အတွက် အားချင်း စံနှုန်းသစ်များဖြင့် တိုက်ဖျက်နှိမ်နင်းရန် အမိန့်ပေးခဲ့သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူဟောင်ဆက်ဘ်က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။
ဇွန် ၁၉ ရက်တွင် ပေထောင်တန်သည် ဒုဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီးတို့နှင့် အစည်း အဝေးလုပ်ပြီးနောက် စံနှုန်းသစ်များဖြင့် နိုင်ငံတစ်ဝန်းသာမက နယ်စပ်ဒေသအားလုံးရှိ ကျားဖြန့်နှင့် ဒုစရိုက်ကွန်ရက်ကို အားချင်းနှိမ်နင်းရန် အမိန့်ပေးခဲ့ကြောင်း၊ အရေးယူမှုနှင့် အမျိုးသား အော်ပရေးရှင်း စံနှုန်းသစ်များကို ဇွန် ၂၃ ရက်၌ အစည်းအဝေးကျင်းပ ထုတ်ပြန်မည်ဖြစ်ကြောင်း ဂျီရာယူက ဆိုသည်။
ဇွန် ၇ ရက်မှ စတင်ပြီး ကမ္ဘောဒီးယားနှင့် အငြင်းပွားနေရမှုကြောင့် နယ်စပ်ဂိတ်များကို လုံခြုံရေး တင်းကြပ်ကာ ထိန်းညှိ စစ်ဆေး ပိတ်ပင်ဖွင့်လှစ်မှုများ စတင်ခဲ့ရာ ကျားဖြန့် ဗဟိုချက်ဟု ကုလသမဂ္ဂ မူးယစ် နှင့်ရာဇဝတ်ရုံး (UNODC) က ထုတ်ပြန်ထားသည့် ကမ္ဘောဒီးယားကျားဖြန့်များ အန္တရာယ်သည် ထိုင်းနိုင်ငံသားများအပေါ် အန္တရာယ်ပေးမှု သိသိသာသာလျော့ကျခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်စပ်ဒေသအားလုံးရှိ ကျားဖြန့်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား အားချင်း စံနှုန်းသစ်များဖြင့် တိုက်ဖျက်ရန် ပေထောင်တန်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဂျီရာယူ က ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#နယ်စပ်ဒေသ
#နှိမ်နင်းရေး








