မဲခေါင်၊ ဇွန် ၁၃
ဇွန် ၁၂ ရက် က အိန္ဒိယနိုင်ငံ အာမက်ဒါဘတ်လေဆိပ်မှ လန်ဒန်သို့ ပျံသန်းသည့် အိန္ဒိယ လေကြောင်းလိုင်းပိုင် Boeing 787-8 Dreamliner ခရီးသည်တင်လေယာဉ်သည် ပျံတက်ပြီး မကြာ မီမှာပင် ပျက်ကျကာ ဆေးကောလိပ်ဘော်ဒါဆောင်ကို ဝင်တိုက်မိခဲ့သည့်အတွက် သေဆုံးသူ အနည်းဆုံး ၂၉၀ ရှိကြောင်း ထုတ်ပြန်မှုများအရသိရသည်။
လေယာဉ်ပေါ်တွင် လိုက်ပါသူ လေယာဉ်ဝန်ထမ်း ၁၂ ဦး၊ ခရီးသည် ၂၃၀ အနက် တစ်ဦးသာ ထူးဆန်းစွာ အသက်ရှင်သန်ပြီး လေယာဉ်ပျက်ထဲမှ လမ်းလျှောက်ပြီးပင် ထွက်လာနိုင်ခြင်းအတွက် အံ့ဩတကြီး ဖြစ်နေကြရသည်။
ယင်းခရီးသည်မှာ အိန္ဒိယနွယ်ဖွား ဗြိတိန်သား ကူးမားရာမက်ရှ်ဆိုသူဖြစ်ကာ ညီအစ်ကိုတစ်ယောက်နှင့်အတူ လေယာဉ်စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျကာနီး ကျယ်လောင်စွာပေါက်ကွဲသံကြားရပြီးနောက် မိမိဘာမှ မသိတော့ဘဲ သတိပြန်ရစဉ် လူသေအလောင်း များစွာကို လေယာဉ်ပျက်ထဲ တွေ့ရကြောင်း၊ မိမိမည်သို့ ရှင်သန်ခဲ့သည်ကိုလည်း ကိုယ်တိုင် မသိရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်နှင့် ဝင်တိုက်ခံ ရသည့်အဆောက်အအုံမှ သေဆုံးသူများလည်း ရှိသည့်အတွက် အနည်းဆုံး ၂၉၀ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကူးမားသည် ရှင်သန်နိုင်ရန် မဖြစ်နိုင်လောက်သည့် လေယာဉ် ပေါက်ကွဲမှုအတွင်းမှ အနည်းငယ်သော ဒဏ်ရာများသာရရှိပြီး လမ်းလျှောက်ထွက်လာနိုင်ခြင်းကို လူတိုင်းမှ အံ့ဩတကြီးဖြစ်ခဲ့ရသည်။
လက်ရှိ တွင် ကူးမားသည် ဆေးရုံတွင် မိသားစုနှင့်ပင် ဖုန်းဆက်သွယ်ပြောဆိုနေနိုင်ပြီး မကြာမီ ဆေးရုံမှ ဆင်းတော့မည်ဟု သိရသည်။
အခင်းဖြစ်ရာနေရာတွင် ရှိနေခဲ့သည့် ရဲအရာရှိတစ်ဦးကမူ ကူးမားထိုင်သည့် နေရာမှာ လေယာဉ် အရေးပေါ် တံခါးဘေးတွင်ဖြစ်သောကြောင့် ခုန်ထွက်လွတ်မြောက်လာနိုင်ခြင်း ဖြစ် နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြနေကြသည်။
ကိုကလင်း
Ref: CNN
#MeKongNews
#အိန္ဒိယ
#ဗြိတိန်
#လေယာဉ်ပျက်ကျ
#ကူးမားရာမက်ရှ်








