မဲခေါင်၊ မေ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် မေလ ၈ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူ ၇ ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၈ ရက်၊ ညနေပိုင်း ၆ နာရီခန့်တွင် သရက်ချိုရွာ၌ ကျင်းပပြုလုပ်သည့် မင်္ဂလာဆောင်အခမ်းအနားအပေါ် စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက် အမှတ် (၉၀၂) မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ကာ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၄ ဦးနေရာတင် ပွဲချင်းပြီးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယင်းဒဏ်ရာရရှိထားသူများကို ဆေးရုံသို့ပို့ဆောင်ပြီး ကုသမှုခံယူနေစဥ် မေလ ၁၀ ရက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
“ဒဏ်ရာရ ၇ ဦးကို ဆေးရုံပို့ထားရာက ဆုံးသွားကြောင်းပဲ သိထားပါတယ်။ ကျား၊မ အသက် အဲ့လိုမျိုးတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် မေလ ၆ ရက်နေ့တွင် အပစ်အခတ်ရပ်စဲကာလ တစ်လ ထပ်မံတိုးမြင့်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
သရက်ချိုရွာကိုပင် မေလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကြဲချခဲ့ပြီး လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထပ်မံပစ်ခတ်ခဲ့သလို အနီးပတ်ဝန်းကျင်ရှိ ယာပြင်၊ အုမ္မာတီး၊ နောင်လင်ရွာတို့ကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
မေလ ၁၀ ရက်နေ့တွင်လည်း သရက်ချိုကျေးရွာ၊ ယာပြင်ကျေးရွာ၊ အုမ္မာတီးရွာ၊ အုမ္မာဆယ်ရွာနှင့် မတ်မန်းတောရွာတို့ကို စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်။
ဂနိုက်
#MeKongNews
#သရက်ချိုရွာ
#လက်နက်ကြီး
#စစ်ကောင်စီ
#နောင်ချို
#TNLA








