မဲခေါင်၊ မေ ၅
ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ယနေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့မေလ ၅ ရက်၊ နံနက် ၁၁ နာရီ ၂ဝ မိနစ်အချိန်တွင် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေများကို ထပ်မံ ထုတ်ပြန်သွားမည်ဟု TNLA က ဆိုသည်။
“အမြောက်တပ် ၃၅၂ နဲ့ ကျွဲကုန်းရွာဘက်လမ်းပေါ်ကျတယ်။ ရုပ်ရုပ်သဲသဲဖြစ်နေတယ်။ သေချာမသိရသေးဘူး” ဟု ကျောက်မဲစစ်ရှောင်တစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီသည် မေလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မိုးကုတ်နှင့် နောင်ချိုမြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးများ နေ့စဥ်ရက်ဆက် ကြဲချနေသည်ဟု ဆိုသည်။
တရုတ်ပြည်တွင် တရုတ်ကြားခံဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးမှု အဆင်မပြေသည့်အပြင် ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့များမှ ဆုတ်ပေးရန်မရှိကြောင်း TNLA မှ ပြောကြားထားမှုအပေါ် စစ်ကောင်စီက တုံ့ပြန်မှုပြုလုပ်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။
ယင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင် ရွက်ရန် လိုအပ်ပါသည်ဟု TNLA က ပြောဆိုသည်။
မဟာ
#MeKongNews
#ကျောက်မဲ
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်
#TNLA








