မဲခေါင်၊ ဧပြီ ၁၈
အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါအေဘရာဟင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG – ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ ဧပြီလ ၁၈ ရက် မနက်အစောပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
ဆွေးနွေးပွဲကို အွန်လိုင်းမှ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့ NUG အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာတို့ တက်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကို ပြောသည်။
“ဒီနေ့မနက်မှာတွေ့တာပါ။ အွန်လိုင်းကနေတဆင့်တွေ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
NUG ၏ ထုတ်ပြန်ချက်တွင် အာဆီယံဥက္ကဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးတို့ကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။
မနေ့(ဧပြီ ၁၇ ရက်) ညနေပိုင်းတွင်လည်း အာဆီယံဥက္ကဌ မစ္စတာ အန်ဝါ အီဗရာဟင်က စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ကွင်းဆင်းဆေးရုံများလည်ပတ်ရေး၊ မြန်မာပြည်သူများ အရေးပေါ်လိုအပ်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအား အပြုသဘောဆောင်ဆွေးနွေးခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။
အာဆီယံဥက္ကဌနှင့် စစ်ခေါင်းဆောင်တို့ ထိုင်းနိုင်ငံတွင် ဆွေးနွေးမည့်ကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးတပ်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်နီပြည် အမျိုးသားတိုးတက်ရေးပါတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF တို့က ကန့်ကွက်ခဲ့ကြပြီး အရပ်ဖက်အဖွဲ့များပါ ပါဝင်ကန့်ကွက်ခဲ့ကြသည်။
ဂနိုက်
#MeKongNews
#အာဆီယံ
#မလေးရှားဝန်ကြီးချုပ်
#NUG
#မန်းဝင်းခိုင်သန်း








