မဲခေါင်၊ ဧပြီ ၁၇
မတ်အတွင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ပြီး ရှမ်းပြည်နယ်က ဒုတိယမြောက်သေဆုံးသူ အများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU က ဧပြီ ၁၆ ရက်တွင်သတင်းထုတ်ပြန်သည်။
သေဆုံးသူများထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး ၅၀ ဦး၊ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူအမျိုးသမီး ၅ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူအမျိုးသမီး ၇ ဦးနှင့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးသူအမျိုးသမီး ၂ ဦးတို့ရှိခဲ့ပြီး ဒဏ်ရာရရှိသူအမျိုးသမီး ၈၈ ဦးအထိရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူအမျိုးသမီးများတွင် မကွေးတိုင်းမှ ၁၅ ဦး၊ ရှမ်းပြည်နယ်တွင် ၁၂ ဦး၊ မန္တလေးတိုင်းတွင် ၁၂ ဦး၊ စစ်ကိုင်းတိုင်းတွင် ၉ ဦး၊ ပဲခူးတိုင်းတွင် ၇ ဦးနှင့် ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ တနင်္သာရီ ဒေသများတွင် ၂ ဦးစီသေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုကို မတ်လအတွင်း ယခင်လများထက် ပိုမိုအသုံးပြုကာ ပြင်ထန်းသည့် ငလျင်ကဲ့သို့ သဘာဝဘေးကြုံစဉ်၌ပင် အကြမ်းဖက်လုပ်ရပ်ကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂကဆိုသည်။
မဲခေါင်မှစောင့်ကြည့်ထားသောစာရင်းများအရ ၂၀၂၄ ခုနှစ် ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီးသေဆုံးသူအရေအတွက် ၄၇၈ ဦးရှိခဲ့ပြီး မတ်လသေဆုံးမှုနဲ့နှိုင်းယှဉ်လျှင် ယခင်နှစ်သေဆုံးမှု၏ ၁၀ ပုံ ၂ ပုံနီးပါးတလအတွင်းသေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအနီးသို့ဗဟိုပြုလှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ ရစ်ချ်တာစကေးအဆင့်ရှိ ပြင်းအားမြင့် ငလျင်ဒဏ်ကြောင့် တော်လှန်ရေးတပ်များမှ အပစ်အခတ်ရပ်ဆဲပြီးနောက် စစ်ကောင်စီဘက်ကပါအပစ်အခတ်ရပ်ဆဲကြောင်းကြေညာခဲ့ပေမဲ့ လက်တွေ့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကိုဆက်တိုက်ပြုလုပ်နေသည်။
ဂနိုက်
#MeKongNews
#အမျိုးသမီး
#သေဆုံး
#BWU
#လေကြောင်းတိုက်ခိုက်မှု








