မဲခေါင်၊ ဧပြီ ၁၃
ထိုင်း – လာအိုနယ်စပ်အနီးရှိ ကျေးရွာ ရော်ဘာစိုက်ခင်းအတွင်း တရားခံလာရှာသည့် ရဲကို လက်လုပ်သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားသူကို ဖမ်းမိပါက ဆုကြေးငွေ ဘတ်တစ်သိန်း ဆုချီးမြှင့်မည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာသည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လွိုင်ခရိုင်၊ ဘန်ခိုပိုင်သွန်မြို့နယ်၊ အမှတ် (၉) ကျေးရွာအနီး ရော်ဘာစိုက်ခင်းထဲသို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က တာဝန်ဖြင့် တရားခံသွားရှာဖွေစဉ် တဲအတွင်းချောင်းမြောင်းနေသည့် အမျိုးသားတစ်ဦးက အမည်မဖော်ပြနိုင်သော လက်လုပ်သေနတ်ဖြင့် ဒုရဲမှူး ပိုင်ရော့ဖရွမ်အင် ရင်ဘတ်ကို ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးနောက် တောတောင်ထူထပ်ရာ လာအိုနယ်စပ်ဖြစ်သောကြောင့် တောထဲ ပြေးဝင် လွတ်မြောက်သွားသည့်အတွက် တရားခံဘွန်ကတ်ကို ဖမ်းမိပါက သို့မဟုတ် ဖမ်းမိစေနိုင်ရန် သတင်းပေးပါက ဘတ် တစ်သိန်း ဆုတော်ငွေပေးမည်ဟု ထိုင်းအမျိုးသား ရဲချုပ်မှ ကြေညာခဲ့သည်။
ဧပြီ ၁၀ ရက်တွင် ထိုအခင်းဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့များ၊ အာဏာပိုင်များ၊ နယ်မြေကျွမ်းကျင်သူများအားလုံး မီတာ ၂၀ အကွာအဝေးတွင်ရှိသော လာအိုဘက်ခြမ်း သာလီခရိုင် အတွင်း တရားခံဝင်မပြေးနိုင်စေရန် လမ်းကြောင်းအားလုံး ပိတ်ဆို့ထားလိုက်သဖြင့် အနီးအနား တောအုပ်များထဲတွင်သာ တရားခံရှိနိုင်သည်ဟု ယူဆပြီး အပူတပြင်း ရှာဖွေမှုများ ပြုလုပ်နေခဲ့သည်။
ထို့ကြောင့် တရားခံကို ဖမ်းမိနိုင်ရေး ဆုတော်ငွေ ထုတ်ပြန်ခြင်းဖြစ်ကာ တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိကို ပစ်သတ်ခြင်းကြောင့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း၊ လွတ်မြောက်ရေး ကူညီကာကွယ် ပေးသူမှန်သမျှလည်း ကြီးလေးသည့်အပြစ် ပေးခံရမည်ဖြစ်ကြောင်း လွိုင်ခရိုင် ရဲမှူးကြီးက သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: matichon
#MeKongNews
#ထိုင်းနိုင်ငံ
#လာအိုနိုင်ငံ
#လက်လုပ်သေနတ်
#ရဲတပ်ဖွဲ့








