မဲခေါင်၊ ဧပြီ ၉
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) သည် ရွှေတြိဂံဒေသမှ မူးယစ်ဘုရင် မလေးရှားနိုင်ငံသား Ong Gim Wah ကို သေဒဏ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ယင်းဒေသမှ ထိပ်တန်းမူးယစ်ရာဇာများကို ဖမ်းမိပါက ဆုတော်ငွေ ဘတ် ၁၅ သန်း ချီးမြှင့်မည်ဟု ဧပြီ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်သွားခဲ့သည်။
ONCB သည် ထိပ်တန်းမူးယစ်ရာဇာများကို ပစ်မှတ်ထားပြီး အလိုအရှိဆုံးမူးယစ်ရာဇာများ ဖမ်းဆီးနိုင်ရေး ဆုကြေးအစီအစဉ် (Most Wanted Drug Offenders Bounty Program) အဖြစ် ဘတ်ဂျက်ဆုကြေးများစွာ ထုတ်ပေးရန် သတ်မှတ်ထားပြီး ထိုဆုကြေးများကို ထိုင်းမူးယစ်ဆေး ထိန်းချုပ်ရေးရန်ပုံငွေ (Thailand’s Drug Control Fund) မှ ထုတ်ပေးသွားမည်ဖြစ်ကာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ရာဇာပေါင်း ၂၀၀ ဖမ်းဆီးကာ ဆုကြေးငွေ ဘတ် ၁၅ သန်းပေးသွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်း၏ အောင်မြင်မှုအသီးအပွင့်အဖြစ် အသက် ၄၀ အရွယ် မလေးရှား မူးယစ်ဘုရင် Ong Gim Wah ကို ဖမ်းဆီးကာ မတ် ၄ ရက်နေ့က သေဒဏ်ပေးခဲ့ပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ရာဇာ ၂၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဖမ်းဆီးရမိမှုများအတွက်လည်း ဆုကြေး ဘတ် ၁၀.၈ သန်း (၃၁၂၅၂၅ ဒေါ်လာ) ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်ဟု ONCB က ထုတ်ပြန်သည်။
Ong Gim Wah သည် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ကွန်ရက်ဖွဲ့စည်းခြင်းများကို အဓိက လုပ်ဆောင်ခဲ့သူဖြစ်ကာ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ လာအို၊ ထိုင်ဝမ်၊ ဩစတြေးလျ အပါအဝင် နိုင်ငံများစွာသို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး တင်ပို့မှုများ လုပ်ဆောင်ခဲ့ပြီး ၎င်းကိုဖမ်းဆီးရန်အတွက် ဘတ် ၁ သန်း (၂၈၉၃၅ ဒေါ်လာ) ဆုတော်ငွေပေးအပ် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Ong Gim Wah သည် ၂၀၂၃ ခုနှစ်က ရတ်ချာဘူရီခရိုင်တွင် ခရစ္စတယ် (ice) ၉၉၈ ကီလိုဂရမ် မှောင်ခိုကူးမှုအတွက် သံသယရှိသူ ၇ ဦးဖမ်းဆီးရမိမှု၌ အဓိက တရားခံဖြစ်ကြောင်း သိရပြီး ထိုအချိန်က လာအိုသို့ ထွက်ပြေးသွားခဲ့ကာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနှင့်လာအို အာဏာပိုင်များ ပူးပေါင်းဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခြင်းခံခဲ့ရသူ ဖြစ်သည်။
Ong Gim Wah ကို ဖမ်းဆီးရမိရန် ၁၇ နှစ်ကြာ ကြိုးပမ်းခဲ့ရပြီး ၎င်းပိုင်ဆိုင်သည့် ကွန်ရက်များကို သိမ်းဆည်းခဲ့ရာတွင်လည်း ထိုင်းနိုင်ငံ၌ ဘတ် ၈၅ သန်းဖိုး၊ မလေးရှားနိုင်ငံ၌ ဘတ် ၄ ဘီလီယံ ကျော်ဖိုး သိမ်းဆည်းနိုင်ခဲ့သည်။
ကိုကလင်း
Ref: khaosodenglish
#MeKongNews
#ရွှေတြိဂံ
#မူးယစ်ရာဇာ
#ဆုကြေးငွေ
#ONCB








