မဲခေါင်၊ ဧပြီ ၂
ထိုင်းနိုင်ငံ ရှန်ဂရီလာဟိုတယ်တွင် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် BIMSTEC အစည်းအဝေးပွဲ သို့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်အားလုံး တက်ရောက်ရန် ကတိပြုထားသော်လည်း မြန်မာနိုင်ငံတွင် ကြီးမားသော ငလျင်ဘေးဒဏ်ခံရပြီးနောက် စစ်ခေါင်းဆောင် မင်းအောာင်လှိုင်တက်ရောက်လာရန် မသေချာတော့ကြောင်းနှင့် အွန်လိုင်းမှသာ တက်ရောက်ရန် ပိုများနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Plangoon က ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။
ယခု BIMSTEC အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်ဖြစ်ပြီးနောက် ပေထောင်တန် ပထမဆုံး ဦးဆောင်တက်ရောက်မည့် အစည်းအဝေးဖြစ်သလို ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ၏ ဖယ်ကျဉ်ခြင်းခံထားရသော မင်းအောင်လှိုင်ကို အာဆီယံဒေသတွင်း ပထမဆုံး ပြန်လည် ဖိတ်ခေါ်ခဲ့သည့် အစည်းအဝေးလည်း ဖြစ်သည်။
ထို့ကြောင့် ဖိတ်ခေါ်သည့် ထိုင်းနိုင်ငံနှင့် လက်ခံသည့် BIMSTEC အဖွဲ့ဝင် နိုင်ငံများကို အရပ်ဘက်အဖွဲ့အစည်း ရာနှင့်ချီကာ မင်းအောင်လှိုင်အား ဖိတ်ကြားမှုကို လက်မခံကြောင်းနှင့် ပြန်လည်ရုပ်သိမ်းရန် တစ်ပေါင်းတစ်စည်းတည်း စာရေးသားထုတ်ပြန်ထားသည်။
Nikorndej Plangoon ၏ ပြောဆိုမှုအရ အခြားနိုင်ငံ ၆ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် အတည်ပြုသော်လည်း မင်းအောင်လှိုင် တက်ရောက်နိုင်ဖို့ မလွယ်သည့် အနေအထားဖြစ်နေသောကြောင့် အွန်လိုင်းမှသာ အစည်းအဝေးတက်ရန်များသည်ဟု ဧပြီ ၁ ရက် တွင် ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။
BIMSTEC အဖွဲ့ဝင်နိုင်ငံများမှာ အင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ယခုအစည်းအဝေးပွဲတွင် နိုင်ငံများအကြား အရေးပါသော ပညာရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကိုလည်း ခေါင်းဆောင်များအကြား စာချုပ်ကြမည်ဖြစ် သည်။
ကိုကလင်း
Ref: Matichon
#MeKongNews
#စစ်ကိုင်းငလျင်
#မင်းအောင်လှိုင်
#BIMSTEC








