မဲခေါင်၊ မတ် ၁၅
ထိုင်းအစိုးရအနေဖြင့် တရုတ်၏ ဖိအားပေးတောင်းဆိုမှုကို လိုက်လျောကာ နိုင်ငံတကာ လူသားချင်းစာနာနားလည်မှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်ပြီး ဝီဂါလူမျိုး အယောက် ၄၀ ကို တရုတ်ထံ ပြန်လွှဲပေးခဲ့သည့်အတွက် ယခင်နှင့်လက်ရှိ အစိုးရအဖွဲ့ဝင်များကို ဗီဇာကန့်သတ်ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုင်းလွှတ်တော်တွင်းမှာပင် အတိုက်အခံပါတီ အမတ်များက ၁၁ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော မွတ်ဆလင်ကိုးကွယ်သည့် ဝီဂါ အယောက် ၄၀ ကို တရုတ်ထံ ပုန်းလျှိုးကွယ်လျှိုး ပြန်လည်ပို့ဆောင်လိုက်ခြင်းအတွက် နိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုက်နာရမည့် နိုင်ငံတကာစံနှုန်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဝေဖန်ကန့်ကွက်နေကြသည်။
မာကိုရူဘီ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအတွက် အကာအကွယ်ပေးရေးကို မျက်နှာမူပြီး ဝီဂါများ၊ တခြားသော တိုင်းရင်းသားလူနည်းစုများ၊ ဘာသာရေးမတူသည့်အုပ်စုများကို ဖိအားပေးပြန်ပို့မှုသည် ယင်းလူသားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ လက်စဖျောက်ခြင်းများ ဖြစ်နိုင်သည့်အတွက် တရုတ်၏ အခြားသော အစိုးရများအပေါ် ဖိအားပေးမှုအပေါ် တိုက်ဖျက်ရေးအတွက် ယခင်နှင့်လက်ရှိ ထိုင်းအစိုးရ အဖွဲ့ဝင်များကို အမေရိကန်အစိုးရမှ ဗီဇာကန့်သတ်ပိတ်ပင်းခြင်းဖြစ်ကြောင်း၊ ထိုပြဌာန်းချက်သည် ချက်ချင်း အသက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
မည်သည့် အစိုးရအဖွဲ့ဝင်များကို ဆိုလိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိသော်လည်း အားလုံးမဟုတ်ခဲ့လျှင် ဝီဂါများပြန်လွှတ်မှု၌ အဓိက အာဏာရှိသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများပါဝင်မည်မှာတော့ သေချာနေသည်။
တရုတ်သည် ဝီဂါ သန်းချီကို ပိတ်လှောင်ထားပြီး ပညာပေးကာ လူ့ဘောင်အတွင်းဝင်ရောက်နိုင်ရေး သင်ကြားပေးနေသည်ဟုသာ ထုတ်ပြန်ပြီး အကျဉ်းချ ခိုင်းစေ၊ လူမျိုးတုန်းသတ်ဖြတ်လုပ်ကြံနေသည့် အနေအထားများကြောင့် ကမ္ဘာတစ်ဝန်း၏ ဝေဖန်မှုများကို ခံနေရသည်မှာ ကြာပြီဖြစ်ပြီး ထိုအခြေ အနေတွင် ထိုင်းက ဝီဂါ ၄၀ ကို တရုတ်ထံ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လွှဲအပ်လိုက်ပြီး ထိုသူများအား မည်သည့်တတိယနိုင်ငံကမှ ခေါ်ယူရန် ကမ်းလှမ်းမှုမရှိသဖြင့် တရုတ်နိုင်ငံသားများကို တရုတ်သို့ ပြန်ပို့ခြင်းသာဖြစ်ကြောင်း၊ တရုတ်အစိုးရဘက်မှ ထိုသူများ၏ ဘေးကင်းလုံခြုံရေးကို တာဝန်ယူသဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ရှင်းချက်ထုတ်ပြန်ထားသည်။
Ref:Khaosod
သန့်
#MeKongNews
#ထိုင်းအစိုးရ
#ဝီဂါ
#ဗီဇာပိတ်ပင်
#အမေရိကန်








