မဲခေါင်၊ မတ် ၁၁
ရှမ်းပြည်တောင်ပိုင်းမှ ပြည်မဘက်သို့ဆင်းသည့် ယာဥ်များ သာစည်-ကလောလမ်းပိုင်း၊ ယင်းမာပင်ရှိ ကျွဲတပ်ဆုံဂိတ်တွင် စောင့်ဆိုင်းရချိန် ပိုမိုကြာမြင့်လာပြီး ယာဉ်ပိတ်ဆို့မှု ပိုမိုဆိုးရွားလာကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရသည်။
ကျွဲတပ်ဆုံဂိတ်တွင် ရှိသည့် X-ray စက် ပျက်သည်ဟု အကြောင်းပြကာ ယာဉ်ပိတ်ဆို့အောင် မကြာခဏဖန်တီးလေ့ရှိပြီး ငွေပေးသည့်ကားများကို ဦးစားပေးအဖြစ်သတ်မှတ်ကာ ကျော်တက်ပေးသည့်အတွက် စောင့်ဆိုင်းရချိန်မှာ ယခင်ထက် ၃နာရီ၊ ၄နာရီ ကြာမြင့်လာခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက မတ်လ ၁၀ရက်တွင်ပြောသည်။
“စက်ပျက်တယ်အကြောင်းပြပြီး လူနဲ့စစ်တော့ ပိုကြာတယ်။ အဲဒါအပြင် ငွေပေးဖြတ်တဲ့ကား ဦးစားပေးတော့ ပိုဆိုး၊ ခုက ကုန်ကား၊ ခရီးသည်တင်ကားမှမဟုတ်ဘူး၊ အိမ်စီးကားဘက်လည်း အနည်းဆုံး ၃နာရီပဲ။ အခု ကျနော်က ၆နာရီကျော်စောင့်ခဲ့ရတယ်”ဟု ၎င်းက ပြောသည်။
ယခင်က ကုန်ကားများ သိန်းချီပေးကာ ကျော်တက်သည့်အခြေအနေအပြင် ယခုအိမ်စီးကားများလည်း ငွေသောင်းချီပေး၍ ကျော်တက်နေကြကြောင်း ပုံမှန်ဖြတ်သန်းနေကျ ခရီးသွားတစ်ဦးက ပြောသည်။
“ဘယ်သူမဆို အရင်လိုပြီး အမြန်ရောက်ချင်ကြတာပါပဲ။ စောင့်ရတဲ့အချိန်ကို ငွေနဲ့ဝယ်ပြီး သွားကြတာပေါ့လေ။ ဂိတ်က လုပ်စားကောင်တွေကတော့ ချမ်းသာပြီးရင်း ချမ်းသာပဲ၊ ဘယ်သူမှမပြုပြင် အရေးမယူဘူးလေ။ စက်တစ်လုံးအစား ၂လုံးတပ်ရင် ငွေပေးကျော်တာ လက်မခံရင်ပုံမှန်ပဲစောင့်ရမှာကို ခုလိုဆိုတော့ ပိုဆိုးတာပေါ့”ဟု ၎င်းကပြောသည်။
ယင်းဂိတ်တွင် အောင်ပန်းမှ ကုန်စိမ်းတင်ယာဥ်များအပါအဝင် ကုန်တင်ကားများ တန်းစီထားသည်မှာ နောက်ဆုံးကားသည်ပင် ယင်းမာပင်မြို့ကို ကျော်ထွက်နေကြောင်း၊ ပျမ်းမျှအားဖြင့် ယာဉ်အစီးရေ ၅၀၀ ကျော် အထိ ရှိကြောင်း၊ မူးယစ်ဆေးဝါးအများအပြား မကြာခဏ ဖမ်းမိနေသည့်အတွက် ပိုမိုတင်းကြပ်စွာ စစ်ဆေးပြီး မူးယစ်ဆေးအပြင် လက်နက်ကိုလည်းအဓိက စစ်ဆေးကြောင်း သိရသည်။
လမ်းခရီးတွင် ကြန့်ကြာမှုကြောင့် ရှမ်းပြည်ထွက်ကုန်စိမ်းများ ကုန်ပျက်ခြင်း၊ မလတ်ဆတ်ခြင်း၊ ဈေးကောင်းမရခြင်းတို့ ကြုံတွေနေရပြီး ရောင်းသူ၊ ဝယ်သူ၊ ပို့ဆောင်သူအားလုံး ထိခိုက်ကြောင်း ရန်ကုန်ဘုရင့်နောင် ကုန်စိမ်းဒိုင်တစ်ဦးက ပြောသည်။
“ကုန်စိမ်းက တစ်ရက်ထဲရောက်လေ လတ်ဆတ်ပြီး စျေးကောင်းရတာ။ ခုတော့ စားရသူလဲ မလတ်ဆတ်၊ စျေးကောင်းလည်းမရ၊ မကြာခဏလည်း ကုန်တွေပျက်တော့ သိပ်မပို့ကြတော့ဘူး။ စျေးတွေလည်းတက်၊ တောင်သူ၊ ကုန်သည်၊ ပို့ဆောင်ရေး၊ စားသုံးသူ အားလုံးထိခိုက်ရတာ၊ လုံခြုံရေးအကြောင်းပြ လုပ်စားနေကြတော့ပြည်သူတွေ နစ်နာတယ်”ဟု ၎င်းက ပြောသည်။
ခရီးသွားပြည်သူများကမူ ယင်းကျွဲတပ်ဆုံဂိတ်စစ်ဆေးမှု ကြန့်ကြာစေသည့် ကိစ္စရပ်များကို တာဝန်ရှိသူများမှ ထိရောက်စွာ ဖြေရှင်းပေးစေလိုကြကြောင်း သိရသည်။
မှတ်ချက် – ပုံဟောင်း
မဟာ
#MeKongNews
#ကျွဲတပ်ဆုံဂိတ်
#ခရီးသည်
#ယာဉ်ပိတ်ဆို့
#ကုန်စည်ပို့ဆောင်ရေး
#ကြန့်ကြာ








