မဲခေါင်၊ ဖေဖော်ဝါရီလ ၁၉
အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးနေသော TNLA နှင့် စစ်ကောင်စီအကြား ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ပထမအကြိမ်တွေ့ဆုံခြင်းကို နှစ်ရက်အတွင်း ရပ်ဆိုင်းခဲ့ကြသည်။
ကူမင်းမြို့၌ ယခုလ ၁၆ ရက်နှင့် ၁၇ ရက်တွင် တွေ့ဆုံခဲ့ပြီး ၁၇ ရက် ညနေပိုင်းတွင် တွေ့ဆုံမှုအောင်မြင်ခြင်းမရှိပဲ ရပ်ဆိုင်းခြင်းဖြစ်ပြီး TNLA ဘက်မှ နှစ်ဘက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဘက်လုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရေး၊ နှစ်ဘက်ထိန်းချုပ်နယ်မြေဒေသများရှိ ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရေး အစရှိသည့် သုံးချက်ကိုတောင်းဆိုသည်ဟု TNLA က ယနေ့ ညနေတွင် ထုတ်ပြန်သည်။
နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်သည်ဟု ဖေါ်ပြထားသည်။
ဆွေးနွေးပွဲ၌ TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်တူ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်၊ မဘိမ်း စသဖြင့် မြို့နယ်အဆင့် ၁၄ မြို့နယ်နှင့် မြို့နယ်ခွဲ နှစ်မြို့၊ စုစုပေါင်း ၁၆ မြို့အား ပလောင်ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးဖို့ စစ်ကောင်စီအစိုးရထံ တောင်းဆိုခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နှင့် မန်တုံမြို့မြို့နယ် နှစ်ခုသာ ရှိမြဲရှိနေ၍ တခြားတောင်းဆိုခွင့် မရှိကြောင်း၊ ပလောင်ပြည်နယ်တောင်းဆိုလိုပါက အနာဂတ်တွင် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရ ပြည်ထောင်လွှတ်တော်ထံ တင်ပြအဆိုပြုနိုင်ကြောင်း စစ်ကောင်စီဘက်မှ ခပ်တင်းတင်း တုန့်ပြန်သည် ဆိုသောသတင်း ယမန်နေ့က လူမှုကွန်ရက်၌ ပြန့်နှံ့ခဲ့သည်။
ဆွေံးနွေးပွဲကို TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီဘက်မှ ကစထ(၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
#MeKongNews
#TNLA
#စစ်ကောင်စီ
#ကူမင်း
#ဆွေးနွေးပွဲ








