မဲခေါင်၊ ဖေဖော်ဝါရီ ၉
ရှမ်းပြည်အရှေ့ပိုင်းမြို့များ၌ လိုင်စင်မဲ့ယာဉ် စီးနင်းသူလျော့နည်းလာကာ လိုင်းကားစီးသူ ပိုမိုများပြားလာကြောင်း လိုင်းကားဂိတ်များထံက သိရသည်။
လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခြင်းကို ယခုလ ၂ ရက်ကတည်းက လုပ်ဆောင်နေသဖြင့် လိုင်စင်မဲ့ယာဉ် ပိုင်ဆိုင်သူများပါ လိုင်းကားစီးနေကြသည်။ အထူးသဖြင့် ကျိုင်းတုံနှင့် တာချီလိတ်မြို့များ၌ အခြားမြို့နယ်များထက် ပိုမိုဖမ်းဆီးခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးခြင်းကြောင့် ကျိုင်းတုံ၊ တာချီလိတ်ပြေးဆွဲနေသည့် EXPRESS လိုင်းများ ကားစီးရေတိုးမြင့်ပြေးဆွဲနေရသလို မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ယာဉ်ငယ်လိုင်းများလည်း စီးသူများပြားလာနေကြောင်း သိရသည်။
“အရင်က တစ်ကားပြည့်ဖို့ အနိုင်နိုင်၊ ခုက ကားတွေ ထပ်တိုးရသလို ကြားခုံပါရောင်းနေရပြီ” ဟု တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲနေသည့် ဆမ်လောင်(Three Stars) EXPRESS ယာဉ်လိုင်းဂိတ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကျိုင်းတုံ၊ တာချီလိတ် ယာဉ်စီးခ ဘတ် ၂၅၀ ဖြင့်လတ်တလောတွင် စီးသူများပြားခြင်းကြောင့် ကားစီးရေ လေးစီးအထိ တိုးမြင့်ပြေးဆွဲနေရပြီး အခြေအနေအရ ခေါက်ရေတိုးမြင့် ပြေးဆွဲနိုင်ရန်လည်း ရှိနေသည်ဟု ဆိုသည်။
၎င်းက “အဓိက ဆီပဲ၊ ထိုင်းဘက်က မရရင် မီးလိုပဲ၊ လာအိုဆီဝင်လာရင်တော့ အဆင်ပြေမယ်၊ ကျိုင်းတုံက ဗမာဆီက ထိုင်းဆီလောက် မကောင်းတော့ အင်ဂျင်ထိတယ်” ဟု ပြောသည်။
ဆိုင်ကယ် TAXI များ၊ လိုင်စင်မဲ့ဆိုင်ကယ်များအနေဖြင့်လည်း မြို့တွင်း ခရီးတိုများကိုသာ သွားလာနေကြသည်ဟု တာချီလိတ်၊ မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ဆိုင်ကယ်က အဖမ်းခံရမှာစိုးတာ၊ Taxi ကြတော့လည်း လုယက်သတ်ခံနေကြရတော့ မြို့ပြင်နဲ့အဝေးဆို မလိုက်ကြတော့ဘူး၊ တော်ရုံဆို လမ်းလျှောက် စက်ဘီးစီးသွားတယ်” ဟု တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
လိုင်စင်မဲ့ကား အသုံးပြုခြင်းများပြားသည့် မိုင်းတုံ၊ မိုင်းဆတ်မြို့များ၌ ဖမ်းဆီးခံရမည်စိုးသဖြင့် မောင်းနှင်သူလည်း သိသိသာသာလျော့နည်းနေသလို လိုင်းကားစီးသူလည်း များပြားလနေကြောင်း မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ဂိတ်လိုင်းတာဝန်ခံတစ်ဦးထံက သိရသည်။
၎င်းက “တာချီလိတ်အထိ ကားခ ဘတ်တစ်ထောင်ပဲ စျေးမတက်ဘူး၊ ဒါပေမယ့် ဆီပြဿနာရှိတယ်၊ ဆီလိုသလောက်မရရင်တော့ ကားထွက်နိုင်မှာမဟုတ်ဘူး၊ ဆီစျေးတက်ရင်လည်း မချောင်ဘူး” ဟု ပြောသည်။
စစ်ခေါင်းဆောင်၏ လမ်းညွှန်ချက်အရဟုဆိုကာ ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုးဝေ က လိုင်စင်မဲ့ယာဉ်များကို ယခုလ ၂ ရက်က စတင်ဖမ်းဆီးခဲ့ပြီး လူလိုင်စင်ပြုလုပ်ပေးခြင်း၊ တရားရုံးတင် ဒဏ်ကြေးဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
“ဆိုင်ကယ် လိုင်စင် မလုပ်နိုင်ရင်တော့ အပြီးသိမ်းမယ်ပြောတယ်၊ ဖမ်းခံထိသူတွေတော့ လိုင်စင်လုပ်ကြတာများတယ်၊ ကားတွေလည်း လိုင်စင်ချထားပေးရင် ကောင်းမှာ” ဟု ကျိုင်းတုံ၊ နောင်တုံရပ်နေသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့၌ ရှမ်းပြည်အရှေ့ပိုင်း တွဲဘက်ရဲမှူးကြီး သန့်ဇင်၏အမိန့်ဖြင့် တာချီလိတ်မြို့ ကားအရောင်းပြခန်း၊ ဝပ်လျှော့၊ ရေဆေးစင်များမှ ကားစီးရေ ၅၀ ကျော်နှင့်လူ ကိုးဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းများကြောင့် ဒေသခံများ လိုင်စင်မဲ့ကား အသုံးပြုခြင်းရပ်ဆိုင်းထားကာ ခရီးသည်တင်ယာဉ်လိုင်းများကို အသုံးပြု စီးနင်းလာနေကြခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#တာချီလိတ်
#ကျိုင်းတုံ
#လိုင်စင်မဲ့ယာဉ်
#ဖမ်းဆီး








