မဲခေါင်၊ ဇန်နဝါရီ ၂၆
အခြေခံစစ်သင်တန်း သုံးလမပြည့်ခင်မှာ ရှေ့တန်းပို့ခံရတဲ့ ကရင်နီပြည်၊ ဘောလခဲအခြေစိုက် ခမရ (၄၃၀) တပ်သားသစ်တွေထဲက သုံးဦးဟာ ဇန်နဝါရီ တတိယပတ်ထဲမှာ KNDF ထံ အလင်းဝင်ပါတယ်။
ဇန်နဝါရီ တစ်လမပြည့်ခင်မှာပဲ စစ်ကောင်စီက KNDF ထံ အလင်းဝင်တာ ခြောက်ဦး ရှိပါပြီ။
အခုအလင်းဝင်လာတဲ့ တပ်သားသုံးဦးဟာ ပုသိမ်မြို့မှာ အခြေခံစစ်သင်တန်းကို ၁၁ ပတ်ကြာ တက်ရောက်ခဲ့ရပြီး ကရင်နီပြည်ရဲ့ ရှေ့တန်းကို ပို့ဆောင်ခံရသူတွေဖြစ်ပါတယ်၊ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ပဲ အခုနောက်ဆုံးတစ်ကြိမ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၆ ရက်မှာမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာ KNDF ဆီရောက်ရှိလာတယ်လို့ KNDF အမှတ်(၂)ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
အခြေခံစစ်သင်တန်း ခြောက်လသတ်မှတ်ထားပေမယ့် စစ်ကောင်စီဟာ အင်အားလိုအပ်ချက်မြင့်မားနေတာကြောင့် သတ်မှတ်သင်တန်းကာလကို တဝက်ကျော်လျှော့ချကာ တပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်နေတာ ဖြစ်ပါတယ်။
“စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်းဥပဒေက လက်တွေ့မှာ အလုပ်မဖြစ်တာကို တွေ့ရတယ်၊ ဘာလို့လဲဆိုတော့ သင်တန်းပေး ရှေ့တန်းပို့ပေမယ့် တပ်သားတွေက စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်ချင်တာမျိုး မဟုတ်ဘူး၊ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းတာကို တွေ့ရတာဖြစ်ပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်ကလည်း ခလရ (၂၆၁)ကနေ တပ်သားတစ်ဦး MA 11 သေနတ် နဲ့ ခဲယမ်းတွေ သယ်ဆောင်လာပြီး အလင်းဝင်လာသလို ဇန်နဝါရီ ၂၃ ရက်မှာလည်း လွိုင်လင်လေးအခြေစိုက် ခလရ (၄၂၇)ကနေ တပ်သား နှစ်ဦး MA-3 သေနတ် နှစ်လက်၊ ကျည်ကတ်နဲ့ ကျည် ၄၀၀ တောင့်နဲ့အတူ KNDF ထံ အလင်းဝင်လာကြပါတယ်။
“ကျွန်တော်တို့ဆီကို ခိုလှုံလာသူအားလုံးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်၊ လိုအပ်တဲ့ နေရေးထိုင်ရေး စားရေးသောက်ရေးအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီက KNDF ထံအလင်းဝင်တဲ့ အရေအတွက်စုစုပေါင်းကို မဲခေါင်ကမေးတဲ့အခါ “အရေအတွက်တွေကိုတော့ ပြောလို့အဆင်မပြေသေးဘူးဗျ” လို့ ပြန်ဖြေပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်ပိုင်း ကရင်နီပြည်ရှေ့တန်းက စစ်ကောင်စီတပ်ဖွဲ့တင်တွေ နီးစပ်ရာ တပ်ရင်းတွေထံ အလင်းဝင်တာ ၁၀၀ ဦးရှိနေပြီလို့ KNDF တပ်ရင်းကတဆင့် သိရပါတယ်။
စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်မှာလည်း စစ်မှုထမ်းနည်းဥပဒေဆိုပြီး အခန်း ၁၀ ခန်းပါဝင်တဲ့ စစ်ကောင်စီအုပ်စိုးရာနေရာတွေက ပြည်သူတွေကို စစ်မှုထမ်းဖို့ တင်းကြပ်မှုတွေအပြင် ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်တဲ့ နည်းဥပဒေတွေကို ထုတ်ပြန်ကြေညာထားပါတယ်။
CJ-004
#MeKongNews
#KNDF
#စစ်ကောင်စီ
#တပ်သားသစ်
#အလင်းဝင်








