မဲခေါင်၊ဇန်ဝါရီလ ၁၀ ရက်
ရှမ်းပြည်နဲ့ ကရင်နီနယ်စပ် လွိုင်လင်လေးမြို့နယ်၊ အိုက်စန့်ရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးသေဆုံးကာ လသားအရွယ် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်( ၃၅၆)နဲ့( ၃၆၂) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လွိုင်လင်လေးမြို့အနောက်ဘက် အိုက်စန့်ရွာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျည် ပေါက်ကွဲတာကြောင့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးနဲ့ လသားကလေးငယ်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးရဲ့ သတင်းစကားအရ စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့ရဲ့ အထိုင်စခန်းကို သိမ်းယူပြီးပြန်လာတဲ့ တော်လှန်ရေးတပ်တွေကို ပစ်ခတ်တဲ့ လက်နက်ကြီးကျည်လို့ သိရပါတယ်။
လွိုင်ကော်မြို့ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစလွိုင်ကော်)၊ အမြောက်တပ် (၃၅၆)၊ အမြောက်တပ် (၃၆၂)၊ ထောက်ပံ့ပို့ဆောင်ရေးတပ် (၇၇၂)နဲ့ စစ်ကောင်စီအထိုင်တပ်စခန်းတွေကနေ နီးစပ်ရာ စစ်ကောင်စီထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ဆက်တက်ဆိုသလို ပစ်ခတ်ခဲ့ပါတယ်။
MK – 016
#MeKongNews
#ရှမ်းပြည်
#ကရင်နီနယ်စပ်
#အိုက်စန်ရွာ
#လက်နက်ကြီး








