မဲခေါင်၊ဇန်နဝါရီ ၈ ရက်
TNLA နဲ့တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဒီကနေ့ (ဇန်နဝါရီလ ၈) နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်မှာဒုတိယအကြိမ်အဖြစ် စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၃၀ ဝန်းကျင်ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဲခေါင်ရဲ့ သတင်းအရင်းအမြစ် ကြားရတဲ့ပေါက်ကွဲသံတွေအရ တစ်ကြိမ်ကို လေးလုံးနဲ့ ခုနှစ်ကြိမ်ကြဲချခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
“ခွေးအစစ်တကောင်ကလွဲပြီး ထိခိုက်မှုမရှိဘူး ကြားပါတယ်၊ မြို့တွင်းမကျတော့ အထိခိုက်တော့နည်းတယ်၊ TNLA တွေ တွင်းလုပ်နေတဲ့နေရာနား ချသွားတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီက ကြဲချခဲ့တဲ့ဗုံးသီးတွေက စစ်တန်းရပ်ကွက် ဂေါက်ကွင်း(ရွှေပြည်အေးဖက်စပ်)နဲ့ မစိုးရိမ်ကျောင်းတိုက်ကြားထဲကို ကျရောက်ခဲ့ပြီး ဒေသခံထိခိုက်သေဆုံးမှု မရှိဘူးလို့ ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တဦးက “လူအထိအခိုက် မရှိပါဘူး၊ ကွင်းပြင်နဲ့ လမ်းမတွေပေါ်ပဲ ကျတာ” လို့ မဲခေါင်ကို ပြောပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် ညပိုင်းကလည်း လေကြောင်းကနေ ဗုံး ငါးလုံးကြဲခဲ့လို့ လူ ကိုးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ မိုးကုတ်မြို့ကို TNLA သိမ်းပိုက်ပြီး လေးလခန့် အကြာမှာ တိုက်ခိုက်တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ မိုးကုတ်ကို ပထမအကြိမ်ဗုံးကြဲတာလို့ TNLA ပြောခွင့်ရသူ လွေးယေဦး က မီဒီယာတွေကို ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ဆုံးအပတ်ထဲမှာ မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးတိုင် သိမ်းပိုက်ခဲ့ပါတယ်။
TNLA က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုထိခိုက်နေတဲ့အပေါ် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ဖူးပါတယ်။
MK – 016
#MeKongNews
#မိုးကုတ်
#စစ်ကောင်စီ
#ဗုံးကြဲ
#အလုံး၃၀ဝန်းကျင်








