မဲခေါင်၊ ဒီဇင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း တော်လှန်ရေးထောက်ပို့လုပ်နေသူ ငါးဦး အခုလ(ဒီဇင်ဘာ)အတွင်း ဖမ်းဆီးခံရတာကြောင့် လုံခြုံရေးဂရုစိုက်ဖို့နဲ့ တိမ်းရှောင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။
ဒီဇင်ဘာ ပထမပါတ်အတွင်း ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ကို သွားရောက်တဲ့ ထောက်ပို့ နှစ်ဦး၊ ဒီဇင်ဘာဒုတိယပါတ်အတွင်းမှာ ဆီဆိုင်မြို့နယ်ကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ကို သွားရောက်တဲ့ ထောက်ပို့နှစ်ဦး၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အင်းတိန်စစ်ဆေးရေးဂိတ်မှာ ထောက်ပို့တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ဆေးဖေါ်ထုတ်ချက်အရ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ ညောင်ရွှေ၊ အင်းလေး တို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမယ်လို့ စစ်ကောင်စီတပ်တွင်းသတင်းပေး(ဖရဲသီး)တွေက သတင်းပေးပို့လာတာတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
“ဖမ်းခံရတဲ့ သတင်းတွေရပြီးကတည်းက အဆက်အသွယ်မရပဲပျောက်သွားတာ၊ ဖမ်းခံရတဲ့ နေရာတွေမှာပဲ ရွှေတွေတစ်ခါတည်း ချွတ်ယူပြီးသိမ်းသွားတာလို့ သတင်းရတယ်၊ လူတွေကိုတော့ ဘယ်မှာဖမ်းချုပ်ထားလဲဆိုတာတောင် မသိရဘူး” လို့ ထောက်ပို့တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒါကြောင့် တော်လှန်ရေးထောက်ပို့တွေအနေနဲ့ ဖုန်း အပါအဝင် တော်လှန်ရေးပတ်သက်တဲ့ အချက်အလက်တွေ၊ အဆက်အသွယ်တွေကို စစ်ကောင်စီလုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ ဂရုစိုက်ကြဖို့ သတိပေးထားတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ-စစ်ကောင်စီစစ်ဆေးရေးဂိတ်(ပုံဟောင်း)
CJ-003
#MekongNews
#ရှမ်းတောင်
#ထောက်ပို့
#ငါးဦး
#ဖမ်းခံရ








