မဲခေါင်၊ ဒီဇင်ဘာ ၂
ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ လပြည့်ညပွဲတော်မတိုင်ခင်က ထိုင်းနိုင်ငံမှာ ဘာသာရေးအစွန်းရောက်တွေဟာ အစ္စရေးနဲ့ ဂျူး အသိုင်းအဝိုင်းကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်လာဖွယ်ရှိတယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့တဲ့ အစ္စရေး အာဏာပိုင်တွေဟာ အခုလည်း အရှေ့တောင်အာရှမှာ မိမိနိုင်ငံသားတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်ထားမှုသတင်းတွေ ရရှိထားပြီး ထိုင်းနိုင်ငံက ဗဟိုချက်ဖြစ်နိုင်ကြောင်း သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဂျူးအရပ်ဘက်လူ့အဖွဲ့အစည်း Chabad-Lubavitch မှာ နှစ်ရှည်တာဝန်ထမ်းခဲ့တဲ့ အစ္စရေး-မော်ဒိုဗာ နိုင်ငံသား ရက်ဘီဇဗီကိုဂန် ဆိုသူ ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဘာသာရေးကွဲပြားမှုကနေ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်ထားကြောင်း အလောင်းနဲ့တကွ တွေ့ရှိခဲ့လို့ ယူအေအီး အာဏာပိုင်တွေဟာ သံသယတရားခံ ၄ ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီဟာ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး ယူအေအီးအာဏာပိုင်တွေနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးနေမှုအရ အစ္စရေးနဲ့ ဂျူးလူမျိုးအသိုင်းအဝိုင်းတွေကို ဘာသာရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့တွေက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားကြကြောင်းနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံထဲမှာ ကျူးလွန်ဖို့ ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ် နက်တန်ယာဟု ကိုယ်တိုင်က သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
ဟားမက်စ်နဲ့ တိုက်ပွဲတွေ စဖြစ်ပြီးကတည်းက အစ္စလာမ္မစ်ဘာသာရေးအစွန်းရောက်တွေဟာ အစ္စရေးနဲ့ ဂျူးလူမျိုးအသိုင်းအဝိုင်းကို နိုင်ငံတကာမှာ အကြမ်းဖက်သတ်ဖြတ်ဖို့ စီစဉ်မှုတွေ လုပ်နေခဲ့တာကြောင့် မလိုအပ်ဘဲ ပြည်ပကို ခရီးမသွားဖို့၊ စီးပွားရေးအကြောင်းပြချက်ဖြစ်စေ လူစုလူဝေးလုပ်တာမျိုးတွေ မလုပ်ကြဖို့၊ လုပ်ခဲ့ရင်လည်း လူမှုကွန်ရက်ပေါ်က ကြိုတင်ကြေညာအသိပေးတာတွေ မလုပ်ကြဖို့ နက်တန်ယာဟုက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူတွေကိုလည်း လုံး၀ အလွတ်ပေးမှာ မဟုတ်ကြောင်း တန်ပြန်သတိပေးသွားခဲ့ပါတယ်။
Ref: bangkokpost
MKF-001
#MeKongNews
#အစ္စရေး
#ဂျူး
#ထိုင်း
#ပစ်မှတ်ထား
#တိုက်ခိုက်
#သတိပေး








