မဲခေါင်၊ ဒီဇင်ဘာ ၁
၂၀၂၄ ခုနှစ်မှသာ အလင်းဝင်လာတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ပညာရေးဝန်ထမ်းတွေကို CDM ဝန်ထမ်းတွေနဲ့ တန်းတူအခွင့်အရေးမပေးဘဲ ခြောက်လ စာပြန်သင်ခွင့် ဆိုင်းငံ့ထားပြီး ခြောက်လကျော်လွန်လို့ စာသင်ချင်ပါက လိုအပ်တဲ့ ကျောင်းမှာ သင်ခွင့်ပေးထားတယ်လို့ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဖယ်ခုံပညာရေးဘုတ်အဖွဲထံ အလင်းဝင်ရောက်လာတဲ့ဝန်ထမ်း ၁၈ ဦး ရှိနေပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ၁၆ ဦးဖြစ်တယ်လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်မှ နိုဝင်ဘာလ ၃၀ ရက်က ထုတ်ပြန်ပါတယ်။
“အစကတည်းက CDM ဝင်လာတဲ့ ဝန်ထမ်းတွေလိုတော့ အခွင့်ရေးမတူဘူးဆိုတာ ပြောထားပြီးသားပါ၊ သူတို့ကို လက်ရှိမှာတော့ ဒေသစိုးမိုးမှုရှိတဲ့နေရာမှာ နေထိုင်ခွင့်ပြုထားပါတယ်။ တခြား လုံခြုံမှုမရှိတဲ့ဒေသကို သွားနေရင်တော့ တာဝန်မယူကြောင်းကိုလည်း ပြောထားပါတယ်” လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အာဏာသိမ်းပြီနောက်ပိုင်းကတည်းက CDM ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကိုတော့ ကြားကာလ ပညာသင်ကြားရေးမှာ ပါဝင်ကူညီသင်ကြားနိုင်အောင် စုစည်းပြီးသင်ကြားစေနေပေမယ့် အထောက်အပံ့ကိုတော့ NUG, MOEက မထောက်ပံ့ပေးနိုင်တာကြောင့် စားဝတ်နေရေးကိုတော့ ရပ်ရွာအကူအညီနဲ့သာ ဖြေရှင်းကူညီနေရတယ်လို့ သူကဆက်ပြောပါတယ်။
“အစကတည်းက CDM ဝင်ထားတဲ့ ဝန်ထမ်းတွေအားလုံးကို ဖိုက်တင်းပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခက်ခဲများစွာ ကြုံတွေ့နေရတဲ့ကြားထဲက ဆက်လက်ပါဝင် ကူညီပေးတယ်၊ အထောက်ပံ့တွေလည်း မရကြဘူး။ ကောင်းမွန်တဲ့ပညာရေးစနစ်ကိုရဖို့ ဆက်လက်တိုက်ပွဲဝင်ကြလို့ congratulations လို့ ပြောချင်ပါတယ်။ အခုမှဝင်လာသူကိုလည်း ကြိုဆိုပါတယ်၊ မဝင်လာသေးသူကိုလည်း အမြန်ဆုံး အမြင်မှန်ရကြလို့ ပြည်သူဘက်ကို ဝင်လာဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ သူကပြောပါတယ်။
ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၉၀ နီးပါးကို ဆရာ၊ ဆရာမ ဦးရေ ၅၀၀ ကျော်နဲ့ ဖွင့်လှစ်သင်ကြားပေးနေပြီး ၂၀၂၄ မှာ ကျောင်းတွေအားလုံး ဘေးကင်းစွာနဲ့ ပညာသင်ကြားနိုင်အောင် ကြိုးစားဖွင့်လှစ်နိုင်ခဲ့သလို ၂၀၂၅ မှာ BECA Grade 12 ကို ဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg
CJ_003
#MekongNews
#ဖယ်ခုံမြို့နယ်
#ပညာရေးဝန်ထမ်း
#CDM
#ခြောက်လဆိုင်းငံ့
#စာသင်ခွင့်








