မဲခေါင်၊ နိုဝင်ဘာ ၂၆
လက်ရှိ တော်လှန်ရေး အခင်းအကျင်းအရ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့ (နိုဝင်ဘာ ၂၆) မှာ ဝန်ခံပြောကြားပါတယ်။
ဒီလိုဖိအားတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသဘောထားပြောင်းလဲသွားတဲ့ ဖိအားတွေဖြစ်ပြီး လျစ်လျူရှုလို့မရ မဟာဗျူဟာအပြောင်းအလဲလို့ မြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုးမကြီးမားအောင် စဥ်းစားလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ က ပြောပါတယ်။
“ဒါကို ကျွန်တော်တို့က ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ်လိုက်လို့လည်း မရပါဘူး” လို့ ဒီနေ့ပြုလုပ်တဲ့ NUG အစိုးရ အစည်းအဝေးမှာ သူက ပြောပါတယ်။
တော်လှန်ရေးကာလ လေးနှစ်ပြည်တော့မှာဖြစ်ပြီး ဒီအခြေအနေမှာ လူထုအထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း တွက်ချက်စဥ်းစားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ က ပြောပါတယ်။
NUG ဟာ အဝေးရောက်အစိုးရ ဖြစ်လို့မရတာကြောင့် ပြည်ပရောက်နေတဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းမှာလာစုပြီး လက်တွေ့ကျကျ လုံ့လစိုက်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားပါတယ်။
စစ်တပ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက “၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် တရုတ်နိုင်ငံရဲ့ သဘောထားပြောင်းသွားပြီး ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို ဖိအားပေးနေပါတယ်။
ဒီလိုဖိအားပေးပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြိမ်းချမ်းရေးဆွေးနွေးဖို့ မနေ့ (နိုဝင်ဘာ ၂၅) ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ခဲ့တဲ့ ကိုးကန့်တပ် MNDAA ကိုလည်း တရုတ်နိုင်ငံက ဖြတ်ငါးဖြတ်ဖြစ်တဲ့ ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်ခွင့်ကို ကိုးကန့်နယ်မြေအတွင်း မရောက်အောင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး”မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ NUG လက်အောက်ခံ တပ်ရင်းတွေအပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ရှမ်းမြောက်စစ်မြေပြင်က စွန့်ခွာခဲ့ပါတယ်။
#MeKongNews
#ရှမ်းမြောက်
#တရုတ်
#ဖိအား
#NUG
#ပြည်ပရောက်
#စစ်ဆင်ရေး
#စစ်ရေး
#နိုင်ငံရေး








