မဲခေါင်၊ ဒီဇင်ဘာ ၂၅
ဒီဇင်ဘာ ၂၄ ရက်မှစတင်ပြီး ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ တာဝန်ရှိသူများ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထပ်ရယူရန် ဆွေးနွေးမှုပြန်လည်စတင်ခဲ့သော်လည်း ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းတွင် လည်း တိုက်ခိုက်မှုများရှိခဲ့ပြီး တိုက်ပွဲ ၁၈ ရက်မြောက်တွင် သေဆုံးသူပေါင်း ၉၆ ဦးရှိလာခဲ့ပြီဖြစ် သည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းတွင် ထိုင်းဘက်မှ ဘန်တီရေ မင်ချေးခရိုင်ရှိ ရွာတစ်ရွာအား ပစ်ခတ်တိုက်ခိုက်သဖြင့် ကမ္ဘောဒီးယားပြည်သူ တစ်ဦး သေဆုံးကြောင်း အစိုးရပိုင် ကန်ပူးချားသတင်းအေဂျင်စီမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ယင်းအေဂျင်စီမှ ထိုင်း၏ တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော ကျူးကျော်တိုက်ခိုက်မှုဟု ဝေဖန်ထုတ်ပြန်ခဲ့ကာ ထိုင်းစစ်တပ်ဘက်ကလည်း ကမ္ဘောဒီးယားဘက်မှ BM-21 ဒုံးကျည်များဖြင့် ထိုင်းဘက်ခြမ်း ဆာခေးရိုခရိုင် ပြည်သူများနေထိုင်ရာ ရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်သဖြင့် ဆိုးရွားသော ပျက်ဆီး ဆုံးရှုံးမှုများရှိခဲ့သည်ဟု အပြန်အလှန်ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရ ယခုစစ်ပွဲကာလ ၁၈ ရက်အတွင်း ထိုင်းစစ်သား ၂၃ ယောက် ကျဆုံးကာ အရပ်သားပြည်သူ တစ်ဦးတိုက်ပွဲအတွင်း သေဆုံးကြောင်း၊ တိုက်ပွဲဘေးထွက်ဆိုးကျိုးများ ကြောင့် အရပ်သားသေဆုံးမှုမှာ ၄၁ ဦးထပ်ရှိခဲ့သည်ဟု Nation Thailand မီဒီယာက ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြည်သူ ၃၁ ယောက်သေဆုံးသည်ဟု ဖော်ပြပါရှိရာ စုစုပေါင်းနှစ်ဖက်သေဆုံးသူ ၉၆ ဦးရှိလာခဲ့ပြီဖြစ်သည်။
ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားသည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲကြောင့် နှစ်ဖက်စလုံး မှ နေအိမ်စွန့်ခွာစစ်ဘေးရှောင်ရသူပေါင်း တစ်သန်းကျော်ရှိနေပြီး ထိုင်းဘက်ခြမ်းတွင် ၅၅၀၀၀၀၊ ကမ္ဘောဒီးယားဘက်တွင် ၆၁၀၀၀၀ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု သိရသည်။
ဒီဇင်ဘာ ၂၄ ရက် က နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချန်သာဘူရီခရိုင်တွင် အထွေထွေနယ်စပ်ရေးရာကော်မတီ များအစည်းအဝေးလုပ်ပြီး ငြိမ်းချမ်းရေးရယူရန် တိုင်ပင်ခဲ့သော်လည်း မည်သည့် သဘောတူညီချက်မျှ မရခဲ့ဘဲ နောက်တစ်ကြိမ် ဆွေးနွေးမှုကို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများပါ ဦးဆောင်ပါဝင်ကာ ဒီဇင်ဘာ ၂၇ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။
ကိုကလင်း
Ref: AA
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ငြိမ်းချမ်းရေး








