မဲခေါင်၊ ဒီဇင်ဘာ ၂၂
– ထိုင်း – ကမ္ဘောဒီးယားစစ်ပွဲသည် ယနေ့တွင် ၁၅ ရက်မြောက်နေ့သို့ ဝင်ရောက်လာပြီဖြစ်ပြီး ဆာကဲအိုဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကာ ကမ္ဘောဒီးယားဘက်မှ BM-21 ဒုံးကျည်အစင်း ၁၈၀ ကျော်ကို ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။
ထိုင်းလေတပ်ကလည်း ပစ်မှတ် ၂ ခုအား ဗုံးကြဲတိုက်ခိုက်ရန် F-16 တိုက်လေယာဉ်များကို စေလွှတ်ခဲ့ပြီး ယနေ့ တိုက်ပွဲအတွင်း ထိုင်းစစ်သည်တစ်ဦး ထပ်မံကျဆုံးခဲ့ကာ အရပ်သား ၁၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်း ပေးခဲ့ရသည်။
– “ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံကလွဲလို့ ကျန်တဲ့အဖွဲ့အစည်းတွေ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုရှေ့ဆက်နိုင်မှာလဲ။ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အပစ်အခတ်ရပ်စဲရေး ဆိုတာ ကြေညာချက် တစ်ခုတည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ ဒီည ၁၀ နာရီမှာ အပစ်ရပ်ချင်တယ်လို့ ကမ္ဘောဒီးယားဘက်က ပြောရုံနဲ့လည်း ဖြစ်မလာနိုင်ပါဘူး။ အ ပစ်အခတ်ရပ်စဲရေးဆိုတာ ဆွေးနွေးမှုတွေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေကနေပဲ လာရမှာ ဖြစ်ပါတယ်။”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်က ပြောသည်။
– ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီး နောက်ပိုင်း ဖနွမ်းရွန်နှင့် မောင်းတမ် ရှေးဟောင်း ဘုရားကျောင်းများသို့ ခရီးသွားဝင်ရောက်မှု ၈၀ ရာခိုင်နှုန်း နီးပါးအထိ ကျဆင်းသွားကြောင်း ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
– ထိုင်းအရှေ့မြောက်ပိုင်း ဒေသမှ လူသိများသည့် ထိုင်းဓမ္မကထိကတစ်ဦးဖြစ်သော Luangta Suj နှင့် ဟွန်ဆန် ပြောထားသည့် ဗီဒီယိုကောလ်တစ်ခုမှာ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။
ယင်းဗီဒီယိုထဲတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က ၎င်းထံ ဆက်သွယ်လာပြီး ကမ္ဘောဒီးယားစစ်သားများ အလွန်နွမ်းနယ် ပင်ပန်းနေကြပြီ ဖြစ်ကြောင်း အကြောင်းပြကာ အပစ်ရပ်ရန် ထိုင်းတပ်ဖွဲ့ ဝင်များအား တိုက်တွန်းသည့် ရုပ်သံတစ်ခု ရိုက်ကူးပေးရန် တောင်းဆိုခဲ့သည်ဟု Luangta Suj က ဆိုသည်။
– တောင်ကိုရီးယားနိုင်ငံ၊ ချန်ဝန်းမြို့တွင် နေထိုင် အလုပ်လုပ်ကိုင်နေကြသော ကမ္ဘောဒီးယားလူမျိုး ၃၀၀ ကျော်က စုဝေးရောက်ရှိလာကြပြီး ထိုင်းနိုင်ငံကို ရှုတ်ချသည့် ဆန္ဒပြပွဲတစ်ခုကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ








