မဲခေါင်၊ နိုဝင်ဘာ ၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖောင်းဆိုင်ဒေသခံ ပြည်သူတွေ နေရပ် ပြန်လည် နေထိုင်လို့ ရပြီလို့ MNDAA တပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ အသိပေး ဖိတ်ခေါ်လိုက်ပါတယ်။
ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ ပူးပေါင်း ပြုလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖောင်းဆိုင်ဒေသကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရှိကျိကျတောင်တန်းနဲ့ မန်ယန် ပေါက်ပေါက်တောင်တန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းနိုင်ခဲ့တာကြောင့် ပြည်သူတွေ နေရပ်မှာ ပြန်လည် နေထိုင်နိုင်ပြီလို့ MNDAA ကပြောပါတယ်။
ဒါ့အပြင် နေရပ်ပြန် ပြည်သူတွေ စားနပ်ရိက္ခာအတွက် မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စု တစ်စုကို ဆန်တစ်အိတ်နဲ့ ဆီ ၇ ပေါင် ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် နေရပ်ပြန် ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြင်ဆင်ကြဖို့လည်း သတိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖောင်ဆိုင်ဒေသ အပါအဝင် ရှမ်းမြောက်က မြို့ ၅ မြို့နဲ့ စစ်တပ် စခန်းပေါင်း ၁၀၀ ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ်တပ်တွေက အသိပေးထားပါတယ်။
လက်ရှိ သိန္ဒီမြို့ကို မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို ရှမ်းမြောက် စစ်တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
MK-007
#MekongNews
#MNDAA
#ဖောင်းဆိုင်
#စားနပ်ရိက္ခာ








