မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသနဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အနီးတစ်ဝိုက်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး တဖြည်းဖြည်း ရေပြန်ကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရေလျှံနေတဲ့ ဘီလူးချောင်းရေ ရေပြန်ကျနေပေမယ့် စပါးခင်း ဧကထောင်ချီ ရေမြုပ် ပျက်စီး သွားတာကြောင့် စစ်ဘေးရှောင် တောင်သူတွေ စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် တောင်သူ တစ်ဦးက “တော်တော်များများက စိုက်ခင်းထက် ရေကျော်သွားတော့ ပျက်စီး ကုန်တာပေါ့။ တချို့ အပင်တွေကလည်း ရေထဲ မျှောပါကုန်တာ။ စစ်ရှောင်တွေ အတွက်က ပိုင်ဆိုင်တာဆိုလို့ ဒါပဲ ရှိပါတယ်ဆိုမှ ဒါကပါ ရေလွှမ်းခံရတယ် ဆိုတော့ ဒုက္ခရောက်တာပေါ့။ ဒီနှစ် လယ်ရိတ်ပြီးရင် ဆန်အတွက်တော့ ဖူလုံပြီလို့ အားခဲထားတာ အခုတော့ စိတ်ဓါတ်တွေ လုံးလုံးကျကျ” လို့ ပြောပါတယ်။
ရေမြုပ် လယ်ဧက တစ်ထောင်ကျော်ထဲက ဧက ၃၀၀ ခန့်သာ ရိတ်သိမ်းနိုင်တာကြောင့် သုံးပုံတစ်ပုံခန့်သာ စပါး ရရှိတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် တောင်သူတွေ အနေနဲ့ လယ်တစ်ဧကကို မြေဩဇာနဲ့ တခြား ကုန်ကျစရိတ်တွေ အပါအဝင် ကျပ် ၉ သိန်းနီးပါး ရင်းနှီးထားရတာကြောင့် ပျှမ်းမျှ လူတစ်ဦးကို ကျပ်ငွေ သိန်း ၄၀ နီးပါး အရှုံးပေါ်တယ်လို့ သိရပါတယ်။
“ဆန်နဲ့ ဆီလေးရှိရင်တော့ တခြား ဟင်းမျိုးဟင်းလျာ မရှိလည်း ကြံဖန်စားလို့ ရတယ်။ အခုက ဆန်ကပါ မရနိုင်တော့ဘူး ဆိုတော့ ကျနော်တို့အတွက် ပိုခက်ခဲလာနိုင်တာပေါ့နော်။ ဒီနောက်ပိုင်း အလှူရှင်ကလည်း မရှိတော့ဘူးလေ” လို့ စစ်ဘေးရှောင် တောင်သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းက စပြီး မိုးနေ့စဉ် ရွာသွန်းမှုနဲ့အတူ စစ်ကောင်စီက မိုးဗြဲရေကာတာ ရေဖောက်ချလိုက်တာကြောင့် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်ထဲက လယ်ဧက ထောင်ချီ ရေမြုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရေကြီးလာတာကြောင့် မိုးဗြဲဒေသ ဘီလူးချောင်း အနောက်ဘက်မှာ လယ်ယာလုပ်ကိုင် နေထိုင်ကြတဲ့ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ဟာ ဖယ်ခုံနဲ့ လွိုင်ကော်မြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
CJ-007
#MeKongNews
#မိုးဗြဲ
#စစ်ဘေးရှောင်
#စပါးခင်း








