မဲခေါင်၊ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုက ဖိုးစိုး၊ လေဒူခေါင်၊ ခေါင်တလို စတဲ့ ကျေးရွာ ၃ ရွာက စစ်ဘေးရှောင်တွေ အရေပြား ကူးစက်ရောဂါ ဖြစ်ပွားနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီ ကျေးရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၇၀၀ ကျော်ရှိတဲ့ အနက် လူ ၁၅၀ ဝန်းကျင် ဖြစ်ပွားနေလို့ လူဦးရေးရဲ့ ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး ကူးစက်မြန်တာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
“စိုးရိမ်ရတယ်။ အသက်အန္တရာယ်တော့ မဟုတ်ဘူး။ ကူးစက်တာမြန်လို့ စိုးရိမ်ရတယ် ပြောတာ။ ဘာရောဂါလဲတော့ မသိဘူး။ အရင်လ ကတည်းက ဖြစ်နေကြတာ။ လက္ခဏာက အရမ်းယားတယ်။ အသားတွေ ပွန်းပဲ့သွားတဲ့အထိ ကုတ်နေရတယ်။ ယားလို့ ညလည်းကောင်းကောင်း မအိပ်ရဘူး” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
အဲဒီ ဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက နေ့စဥ်ရက်ဆက် မိုးရွာသွန်းနေတာကြောင့် ရေမသန့်ရှင်းမှုနဲ့ အတူ အခုလို အရေပြား ရောဂါတွေ ဖြစ်လာတာလို့ သူကပြောပါတယ်။
လတ်တလော သက်ကြီးရွယ်အိုကနေ လသား ကလေးငယ် အထိ အရေပြား ကူးစက်ရောဂါ ဖြစ်ပွားနေပြီး တခြား စစ်ဘေးရှောင်တွေကို ထပ်ပြီး ကူးစက်မှာ စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
အရေပြားရောဂါ ဖြစ်ပွားနေတဲ့ ကျေးရွာတွေ အတွက် ဆေးပေးခန်း တစ်ခုသာ ရှိပြီး လူနာများလို့ သူနာပြု အင်အား မလုံလောက်တဲ့အပြင် မိုးတွင်း ဖြစ်တာကြောင့် ဆေးကုသဖို့ သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
“ဆေးခန်းတော့ ရှိတယ်။ တော်တော်ဝေးတယ်။ အဲဒီ ၃ ရွာလုံးနဲ့က တော်တော်သွားရတယ်။ ရွာဆေးခန်း ဆိုတော့ ဆေးတွေလည်း ဆန်းဆန်းပြားပြား မရှိဘူးပေါ့။ အခုဖြစ်တဲ့ ရောဂါတောင် သူတို့ ဆေးပေးဖို့ မရှိဘူး။ မြို့ပေါ် တက်ကုဖို့ကျတော့ ပိုက်ဆံက လိုသေးတယ်။ မိုးတွင်း ဆိုင်ကယ်တွေလည်း လမ်းချော်တော့ အဆင်မပြေဘူး” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူက ရှင်းပြပါတယ်။
အဲဒီ ကျေးရွာ ၃ ခုက စစ်ဘေးရှောင် စခန်းတွေမှာ မိုးဗြဲနဲ့ လွိုင်ကော်မြို့က စစ်ဘေးရှောင်တွေ အများဆုံး နေထိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်း ကတည်းက ရောက်လာကြတာလို့ စုံစမ်း သိရပါတယ်။
CJ-007
#MekongNews
#ဖယ်ခုံမြို့နယ်
#စစ်ဘေးရှောင်
#အရေပြား_ကူးစက်ရောဂါ










