မဲခေါင်၊ နိုဝင်ဘာ ၂၆
နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉ မိုင်အထိ မီးတောင်ပြာနှင့်မီးခိုးလုံးများ လွင့် တက်နေသောကြောင့် တိုက်ကြီး ၂ တိုက်မှပင် မြင်ရပြီး အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ကမောက်ကမဖြစ်ကာ ဖျက်သိမ်းခဲ့ရသည်။
မီးတောင်ပေါက်ကွဲခြင်းကို အာဖရိကတိုက်သာမက အာရှတိုက်မှပင် မီးတောင်မီးခိုးပြာများအား မြင်ရ ပြီး ထိုမီးတောင်မှိုပွင့်ပုံ မီးခိုးလုံးများသည် ပင်နယ်နီမှ ယီမင်နှင့်အိုမန်နိုင်ငံများဆီ လွင့်မျောနေရာမှ အိန္ဒိယနှင့် ပါကစ္စတန်မြောက်ပိုင်းကောင်းကင်များပေါ်သို့ပါ လွင့်ပါနေသဖြင့် အိန္ဒိယလေကြောင်းလိုင်း သည် နိုဝင်ဘာ ၂၄၊ ၂၅ ရက်များတွင် လေကြောင်းခရီးစဉ် ၁၁ ခုကို ဖျက်သိမ်းလိုက်ရသည်။
Akasa Air လေကြောင်းလိုင်းသည် အားလပ်ရက် ၂ ရက်အတွင်း ခရီးသွားများ အဓိက သွားရာ ဂျဒက်၊ ကူဝိတ်၊ အဘူဒါဘီခရီးစဉ်များကို ရွှေ့ဆိုင်းခဲ့ရသည်။
တန်ဖိုးနည်းလေကြောင်းလိုင်း IndiGo သည်လည်း လေကြောင်းခရီးစဉ်များကို နိုဝင်ဘာ ၂၄၊ ၂၅ ရက်များတွင် ပြောင်းလဲခဲ့ရပြီး နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲမှ ထိုမီးခိုးလုံးများသည် အိန္ဒိယကောင်းကင်တွင် ကင်းစင်သွားပြီး တရုတ်နိုင်ငံဘက်သို့ လွင့်မြောသွားခဲ့သည်ဟု အိန္ဒိယသတင်းများက ဆိုသည်။
မီးတောင်ပေါက်ကွဲရာ ဒေသခံ အီသီယိုးပီးယားသားများအဆိုအရ ဗုံးများ ဆက်တိုက်ပေါက်ကွဲသလို ကျယ်လောင်သော အသံများကြားရပြီးနောက် မီးတောင်ပေါက်သည်ကို သိရကြောင်း၊ သေဆုံးမှုမရှိ သော်လည်း မီးခိုပြာများ ဒေသအနှံ့ ဖုံးလွှမ်းသဖြင့် တိရစ္ဆာန်များ စာကျက်များ ရှားပါးကုန်သည်ဟု ပြောကြားခဲ့သည်။
ယင်းဟေလီဂက်ဘီမီးတောင်သည် ရစ်ဖ်တောင်ကြားဒေသတွင် ရှိကာ ဘူမိဗေဒလှုပ်ရှားမှုများ မကြာ ခဏ ပြင်းပြင်းထန်ထန် လှုပ်ခတ်သော်လည်း မည်သည့်အချိန်က နောက်ဆုံးပေါက်ကွဲခဲ့သည်ကို မသိရ ဘဲ ရေခဲခေတ်နှောင်းပိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀ က နောက်ဆုံးပေါက်ကွဲခဲ့ပုံရသည်ဟု ဘူမိဗေဒ ပညာရှင်များက သုံးသပ်ထားကြသည်။
ယခုနှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ လွီအိုတိုဘီမီးတောင်ကြီး ပေါက်ကွဲခဲ့သေးပြီး မီးတောင်ပြာမှုန် များသည် ကောင်းကင်အမြင့် ၁၁ ကီလိုမီတာအထိ မြင့်တက်ခဲ့ကာ ထိုမီးခိုးများ ထုတည်သည် ၅ မိုင်ပတ်လည်အထိ ကြီးမားခဲ့သောကြောင့် လေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရသေးသည်။
ထိုမီးတောင်သည် မနှစ်က နိုဝင်ဘာလအတွင်း တစ်ကြိမ် ချော်ရည်ပူများ မှုတ်ထုတ်သဖြင့် ၁၀ ဦးသေဆုံး ခဲ့ရသေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီသီယိုပီးယား
#အင်ဒိုနီးရှား
#မီးတောင်
#လေကြောင်းခရီးစဉ်








