မဲခေါင်၊ မေ ၂၇
ပင်းတယမြို့၏ အထင်ကရဖြစ်သည့် သက်တမ်းရင့်ညောင်ပင် ခုတ်ခံရခြင်းမှာ အပင်သေဆုံးသွားသည့်အတွက် ခုတ်ရခြင်းဖြစ်ပြီး အပင်သေဆုံးမှုကို ဆိုးရွာစေသည်မှာ တရားမဝင်ချိတ်ပိုးခွာသူများဖြစ်ကြောင်း ပင်းတယစည်ပင်သာယာရေးဌာနက လူမှုကွန်ယက်တွင် ဖြေရှင်းလာသည်။
ခရီးသွားများကြားနာမည်ကြီး ပြီးဆွဲဆောင်မှုရှိသည့် ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်ဂူဘုရားနှင့် ဘုရားတောင်ခြေအနီးရှိ သက်တမ်းရင့်ညောင်ပင်ကြီးကို ခုတ်ဖြတ်ထားသည့်ဓာတ်ပုံများ မေလ၂၅ရက်တွင် လူမှုကွန်ယက်ပေါ် ပျံ့နှံ့ပြီးနောက် ယင်းသို့ဖြေရှင်းလာခြင်းဖြစ်သည်။
“ပညာရှင်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနဲ့အခါ အချို့ညောင်ပင်ကြီးတွေမှာ သစ်ခေါက်ပိုး၊ ပင်စည်ထိုးပိုးနှင့် အချို့အပင်တွေမှာ ချိပ်ကောင်များတွေ့ရှိရပါတယ်။ သစ်ခေါက်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ (Beehole borer)ကဲ့သို့ ပိုးကောင်တမျိုးမှ ကိုင်းတက်နှင့်ပင်စည်များသို့ ရှေးဦးစွာ ထိုးဝင်၍ဖျက်စီးကြောင်း၊ ကိုင်းတက်နှင့်ပင်စည်အခေါက်တို့ ဆွေးမြေ့သွားသည့်နောက်ပိုင်းတွင် ပင်စည် ခြတက်၍ ( Termites)ချအုံများစွဲ၍ (sapwood)များ ဖျက်ဆီးခြင်းကြောင့် အပင်၏ ရေကြောပြတ်တောက်ကာ အပင်များခြောက်၍သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒုတိယအချက်နေနဲ့ အပင်မှာစွဲနေတဲ့ ချိပ်ကို တရားမဝင်ခွာယူပြီး စီးပွားဖြစ်ရောင်းချဖို့ကြံစည်နေသူတွေက သစ်ကိုင်းအချို့ကို ချိုးဖြတ်လိုက်တဲ့လက်ချက်နဲ့ အဲဒီသစ်ကိုင်းတွေရဲ့ အူတိုင်ကို မိုးရေဝင်ကာ အပင်ရဲ့ အစာချက်လုပ်မှုပိုင်းမှာ အခြေအနေကို ပိုဆိုးစေတာကိုတွေ့ရှိကြရပါတယ်” ဟု ပင်းတယမြို့နယ် စည်ပင်က ၎င်းတို့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရှင်းလင်းထားသည်။

ထိုသက်တမ်းရင့်ညောင်ပင်ကြီးများ အရွက်နည်းလာပြီး ကိုင်းများခြောက်လာကတည်းက ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပင်းတယ ညောင်ပင်ချစ်သူများအသင်းဝင်များနှင့်အတူ နိုင်ငံတကာပညာရှင်တွေဆီကပါ အကြံဉာဏ်တွေရယူပြီး အကြောင်းအရင်းကို ရှာဖွေကုစားခဲ့ကြကြောင်း ပင်းတယစည်ပင်က ဖော်ပြထားသည်။
စည်ပင်အနေဖြင့် ညောင်ပင်များ ချိတ်ပိုးကျမှုကို အကြောင်းရင်းရှာဖွေကုစားမှုမှာ အချိန်နှောင်းမှသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပင်းတယဒေသရှိ ညောင်ပင်များချိပ်ပိုးကျမှုကို ပြုပြင်ရန်ကြိုးပမ်းခဲ့သည့် ညောင်ပင်ထိန်းသိမ်းရေးတွင် ပါဝင်ခဲ့သည့် မြို့ခံတစ်ဦးကပြောသည်။
၂၀၁၀ခန့်ကတည်းက ပုန်းတလုတ်ရေကန်ပြုပြင်မည့် အစည်းအဝေးတွင် ညောင်ပင်ထိန်းသိမ်းရေးကိစ္စကို တင်ပြဖူးသလို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင်လည်း မြို့နယ်သံဃာ့နာယကမှတဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများကို ချိပ်ပိုးတွယ်နေသည့် ပြဿနာကို ဖြေရှင်းကူရန် အကူညီတောင်းခဲ့ရာ ဘာမှမထူးခဲ့ဘဲ ၂၀၂၅မှသာ ညောင်ပင်ချိပ်ပိုးပြဿနာဖြေရှင်းရန် ပြည်ထောင်စုဝန်ကြီး အမိန့်ပေးမှ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့ခံကပြောသည်။
“ရေကန်က ငွေရှိရင် အချိန်မရွေး လုပ်လို့ရတယ်။ ညောင်ပင်တွေက ငွေရှိလည်း ဒီအရွယ်ရဖို့ ချက်ချင်းပြန်လုပ်မရလို့ ကူကြပါ၊ ထည့်စဉ်းစားကြပါလို့ အမြဲတမ်း ကျွန်တော်တင်ပြတယ်။ ရေကန်အစည်းအဝေးမှာ ညောင်ပင်ကိစ္စတွေ လာလာပြောနေပြန်ပြီလို့ ဟားကြတဲ့ လူကြီးမင်းတွေမြင်ရင် သတိရကြပါစေဗျာ။ အခုကျ ပင်းတယမြို့ခံတွေကို ကိုယ်ချင်းမစာတတ်တဲ့ လူတွေက ဆရာကြီးလုပ်ပြီး စော်ကားတာ ခံနေရတယ်” ဟု ၎င်းကဆိုသည်။
ပင်းတယမြို့နယ် ရပ်ရွာသာယာရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ကြသော ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့ဝင်အများစုသည် အာဏာသိမ်းမှုကြောင့် တိမ်းရှောင်နေရပြီး ယင်းအချက်ကလည်း ညောင်ပင်များပျက်ဆီးမှုကို ပိုမိုဆိုးရွားစေကြောင်းလည်း ဒေသခံများက ပြောသည်။
ယမန်နေ့က ခုတ်ခံလိုက်ရသည့် ညောင်ပင်တွင်ရှိသည့် ပိုးနမူနာ၊ မြေနမူနာများကို စည်ပင်မှ စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးနှင့် ထုံးရောစပ်၍ ပင်စည်များ ကိုင်းများမှာ သုတ်ပေးခြင်း၊ ပိုးပေါက်များထဲသို့ဆေးထိုးပိုက်ဖြင့် ထည့်ပေးခြင်း၊ အပင်ခြေပတ်လည်ကို ခြဆေးဖြန်းပေးခြင်းများပြုလုပ်ခဲ့သော်လည်း အချိန်နောက်ကျသွားပြီဖြစ်သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတချို့က ပြောဆိုနေကြသည်။
ချိပ်သည် လက်စီဖာလက်ကာဟုခေါ်သည့် အင်းဆက်ပိုးတစ်မျိုးမှ အပင်များတွင် ချိတ်စွဲနေထိုင်ရန် ကာကွယ်ထားသော အစေးတစ်မျိုးဖြစ်ပြီး ချိပ်ပိုးစေးများကိုသစ်သား၊ ပရိဘောဂပစ္စည်းများ တောက်ပြောင်ပြီး ကြာရှည်ခံရန် သုတ်ပေးရသည့် ပေါလစ်တွင် အများဆုံးအသုံးပြုကြသည်။
ထို ခုတ်ခံရတဲ့ ညောင်ပင်ခြောက်က သစ်ကိုင်း၊ သစ်ခြောက်တွေကိုလည်း သာရေးနာရေးကိစ္စတွေမှာသာ သုံးသွားမည်ဖြစ်ကြောင်း စည်ပင်ကဆိုသည်။
အင်တာနက်သုံးစွဲသူများနှင့် ဒေသခံများကမူ ပင်းတယမြို့ရဲ့ ခရီးသွားတွေကို စွဲဆောင်ရာ သက်တမ်းရင့်အပင်ခုတ်ခံလိုက်ရတဲ့ အပေါ် ဝေဖန်မှုတွေရှိကြသလို နှမြေတဿဖြစ်မိကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
နန်းမွန်း
#MeKongNews
#ပင်းတယ
#ညောင်ပင်
#စည်ပင်
#ချိပ်ပိုး








