ငလျင်ကြောင့် ဟိုပုံးမှာယာဉ်တိုက်မှုဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး
မဲခေါင်၊ မတ် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အသက် ၈ နှစ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မတ်လ ၂၈ ရက် နေ့လည်ပိုင်းက ငလျင်လှုပ်နေစဥ် ဟိုပုံးမြို့နယ်၊ ပန်လျှန်းရွာမှ ရှင်လောင်းပွဲသွားပြီး ပြန်လာသည့်ဒေသခံ ၄ ဦးသည် မတော်တဆ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ရကြောင်း ၎င်းတို့၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဟိုပုံးပွဲရှင်လောင်းပွဲအပြန်ဖြစ်တာ၊ ငလျင်ကြောင့် တွဲကားနဲ့တိုက်မိလို့ သေကြရတာ၊ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မပြောဖြစ်တာ၊သူတို့လည်း ငလျင်ဒဏ်ခံခဲ့ကြရတာ” ဟု ၎င်းကပြောသည်။
သေဆုံးသူ ၄ ဦးမှာ ပန်းလျှန်းကျေးရွာနေ ခွန်းထွန်းကြည် ၄၈နှစ်၊ နန်းဥမ္မာဦး ၈နှစ်၊ ခွန်ပန်းအောင်၅၂နှစ်နှင့် မွိုးစောထွေး ၄၈နှစ်တို့ဖြစ်ကြကြောင်း သိရပြီး ၎င်းတို့ကို မတ်လ ၂၉ ရက်က မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင်ငလျင် ဒဏ်ကြောင့် မြန်မာတနိုင်ငံလုံး သေဆုံးသူ စုစုပေါင်း ၁,၇၀၀ ဦးကျော်၊ ဒဏ်ရာရသူ ၃,၄၀၀ ဦးနှင့် ပျောက်ဆုံးနေသူ ၃၀၀ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews








