တောင်ကြီးတွင် မီးပြန်ရရှိရေး တောင်တွင်းကြီးမှ တဆင့်ပြောင်းလဲရယူရန် ပြင်ဆင်
မဲခေါင်၊ မတ် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ဓာတ်အားပြန်လည်ခွဲပေးနေကြဖြစ်သည့် သာစည် – သပြေဝ ဓာတ်အားလိုင်းအစား တောင်တွင်းကြီး ရွှေမြို့ဓာတ်အားခွဲရုံမှတဆင့် ဓာတ်အားပို့လွှတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း တောင်ကြီးမြို့ လင်းသီဟ ကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် သာစည် – သပြေဝ ဓာတ်အားလိုင်းမှာ ပြုပြင်ပြီးဖြစ်သော်လည်း မိတ္ထီလာမှ ဓာတ်အားပို့လွှတ်မှုအား လက်ခံခြင်းမရှိသည့်အတွက် ရွှေမြို့ဓာတ်အားခွဲရုံသို့ ပြောင်းပြီး လျှပ်စစ်ရရှိရန် ကြိုးစားနေခြင်းကြောင်း၊ မကြာမီ တောင်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီးပြန်ရရှိရန် နီးစပ်လာပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်အားရရှိပါက ရပ်ကွက်အလိုက် အလှည့်ကျပေးဝေသွားမည်ဖြစ်ကာ ရှော့ခ်ဖြစ်ဤလျှပ်စစ်ပစ္စည်းပျက်စီးခြင်း၊ ဓာတ်အားမနိုင်ခြင်းမဖြစ်စေရန် ဓာတ်အားသုံးစွဲမှုများသော ရေမော်တာ၊ ဟော့ပလိတ်၊ ဒယ်နီများ ခလုတ်ကြိုပိတ်ထားရန်၊ မီးလာသည်နှင့် ၎င်းတို့ကို စုပြုံသုံးစွဲခြင်းမဖြစ်အောင် သတိထားကြရန် ဓာတ်အားပေးကုမ္ပဏီက သတိပေးထားသည်။
လက်ရှိဖြစ်ပွါးခဲ့သည့် ငလျင်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပိုင်းလိုက် လျှပ်စစ်ပြန်ရရှိနိုင်ပြီး အောက်ပိုင်းဒေသများဖြစ်ကြသည့် ရန်ကုန်တိုင်းအား ဓာတ်အားလိုင်းသီးသန့်တစ်လိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့အား တစ်လိုင်း သီးသန့်ပေးနေကြောင်း၊ ဓာတ်အားပေး၍ မရနိုင်သေးသည့် ဒေသများလည်းရှိနေသေးကြောင်း သိရသည်။
တောင်ကြီးမြို့နယ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည် မတ် ၂၈ ရက်နေ့ကတည်းက လျှပ်စစ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ဒေသခံများ၊ လုပ်ငန်းရှင်များက ဆိုလာ၊ မီးစက်တို့ဖြင့် ဖုန်း၊ ပါဝါဘဏ်၊ ဓာတ်မီးတို့ကို အခမဲ့အားသွင်းနိုင်ရန် စီစဉ်ပေးထားကြသလို ကိုယ်ပိုင်မီးစက်များဖြင့် အိမ်တိုင်ရာရောက် အခမဲ့ရေတင်ပေးခြင်းဖြင့် မျှဝေသုံးစွဲလျက်ရှိကြပါသည်။
နန်းမွန်း
#MeKongNews
ပုံအညွှန်း – မီးမလာသည့် တောင်ကြီးမြို့နယ်အတွင်း မီးစက်ဖြင့်ရေလိုက်လံတင်ပေးနေစဉ်








