အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ ခန့်ရှိလာ
မဲခေါင်၊ မတ်၃၀
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ ဦး ခန့်အထိ ရှိလာပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အဖွဲ့ – Pa.O Youth Organization (PYO) ၏ မတ်လ ၃၀ ရက် ထုတ်ပြန်ချက်နှင့် မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
အင်းလေးဒေသတွင် ငလျင်ဒဏ်ခံရွာပေါင်း ၁၉ရွာရှိသည့် အနက် ရွာ ၈ ရွာ တွင် အရပ်သား သေဆုံးမှု ၈၉ ဦးအထိ ရှိခဲ့ခြင်းဖြစ်ပြီး လူသေဆုံးရသည့်ရွာများမှာ နန်းပန်ကြာတောရွာ၊ သလဲဦးအင်းရွာ၊ အုန်းပင်၊ နောက်မြောက်၊ နောက်တောင်၊ ရှေ့မြောက်၊ ရှေ့တောင်၊ ဇရပ်ကြီး၊ ရွေပြည်သာ၊ ဟဲယာရွာမနှင့် နမ့်ပန်မြို့တို့ဖြစ်ကာသေဆုံးသူစုစုပေါင်း ၈၉ ဦးဟု PYO ၏ စာရင်းကဖော်ပြထားပြီး မြေပြင်တွင် လူမှုကူညီနေသူတစ်ဦး၏ အတည်ပြု ပြောကြားချက်အရ ရှေ့ဝကြီးရွာတွင် တစ်ဦးသေဆုံးသဖြင့် စုစုပေါင်းသေဆုံးသူ ၉၀ ဦးရှိပြီ ဖြစ်သည်။
“ကျနော်တို့ အင်းမြောက်ဘက် ညောင်ရွှေမြို့အထွက် နမ့်ကတ်ချောင်း က အိုင့်ထောင့်ကြီး၊ မြောင်းဝကြီးနဲ့ ရှေ့ဝကြီး ရွာ၃ရွာမှာ အသက်၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ပိပြီးဆုံးတယ်” ဟု ကယ်ဆယ်ရေးသွားရောက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ မတ်၃၀ရက် ညနေ၃နာရီတွင် ပြောသည်။
မတ်လ ၂၈ ရက်နေ့ အင်အားပြင်း ငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၏ အရပ်သားနေအိမ် ၂၃၃၇ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PYO ၏ စာရင်းအရ သိရသည်။
ငလျင်ဘေးကြောင့် နေအိမ်ပျက်စီးသွားသည့် ဒေသခံပြည်သူများသည် လက်ရှိ ကျွန်းမျောများပေါ်တွင်အများစု နေထိုင်နေကြရပြီး အမိုးအကာ၊ သောက်ရေ၊ သုံးရေများနှင့်အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိသည်။
ယနေ့ မတ်လ ၃၀ ရက်တွင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ယခုလို လူထု ဒုက္ခပင်လယ် ဝေနေချိန်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့စစ်ရေးလှုပ်ရှားနေခြင်း၊ အဓမ္မရိက္ခာပို့ခိုင်းနေခြင်းနှင့် ရေပေါ်သင်္ကြန်ပြုလုပ်ရန် အဓမ္မစေခိုင်းနေခြင်းများ (လုံးဝ)မပြုလုပ်ရန် တိုက်တွန်းထားသည်။
မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြောင့် ရှမ်းပြည်အတွင်း မြိုနယ် ၁၃ မြို့နယ်ရှိ သာသနိကအဆောက်အဦများဖြစ်သည့် ဘုရား/စေတီ ၁၁၃ ဆူ၊ ဘာသာရေးအဆောက်အဦ ၅၄ ခု နှင့် အုတ်တံတိုင်း ၉ ခု တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews








