SSJAC က ငလျင်ဒဏ်သင့် ဒေသများအတွက် ကျပ်သိန်းပေါင်း ၁၈၀၀ ကူညီမည်
မဲခေါင်၊ မတ် ၃၀
မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ၇ ဒဿမ ၇ အဆင့်ရှိ ပြင်းအားမြင့် ငလျင်ဒဏ်သက်ရောက်ခဲ့သော ဒေသများအတွက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC က ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်ကူညီမည်ဟု ဒီနေ့ မတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကနဦး မတည်ငွေ ကျပ်သိန်းပေါင်း ၁၈၀၀ ထည့်ဝင်၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီနိုင်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ပူးပေါင်းပါဝင် ပေးအပ်ကူညီလှူဒါန်းရန် ရှိပါက ဆက်သွယ်နိုင်ကြောင်း ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတို့အား ကူညီဆောင်ရွက်နိုင်ရေး ကြိုပမ်းနေကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေဒေသ စသည့် အကန့်အသတ်ဘောင်တို့ကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပအဖွဲ့အစည်း အသီးသီးတို့အား တိုက်တွန်းအပ်ကြောင်းဆိုသည်။
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် ယခင်က ပြည်သူလူထုကြုံတွေ့ခဲ့ရသည့် ကိုဗစ်ကပ်ရောဂါဘေး၊ ရေဘေး၊ စစ်ဘေးရှောင်ခြင်း တို့တွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ခဲ့ပြီး ယခုနိုင်ငံအတွင်း ထိခိုက်ခံစားနေရသည့် ငလျင်ဘေးတွင်လည်း လက်လှမ်းမီသော နယ်မြေဒေသအတွင်းရှိ ပြည်သူတို့အား ကူညီထောက်ပံ့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မည်သည့်နည်းလမ်းဖြင့် မည်သူများမှ တစ်ဆင့် ကူညီမည်ဆိုသည်နှင့် ပတ်သက်ပြီး SSJAC ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။
ငလျင်ဒဏ်သင့်ဒေသများရှိပြည်သူများအား တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ယခုမနက်ပိုင်းတွင် စတင်ကယ်ဆယ်နေပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ကဖော်ပြနေသည်။
ငလျင်ဒဏ်သင့်ဒေသများအား တတ်နိုင်သမျှကူညီကြရန်နှင့်လားရှိုးမြို့တွင်းလာရောက်ဆေးကုသမှုခံယူနိုင်ကြောင်း မနေ့က မတ် ၂၉ ရက်နေ့က MNDAA အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ပြီးမကြာခင်၌ပင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကလဲ ဝမ်းနည်းကြောင်းနှင့်တတ်စွမ်းသရွေ့ကူညီသွားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှလဲ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ဖွဲ့များအားလုံး ခုခံစစ်မှအပထိုးစစ်ရပ်တန့်ထားရန်နှင့် စစ်ကောင်စီမှလုံခြုံရေးတာဝန်ယူပါက CDM ပြုလုပ်ထားသောဆေးပညာရှင်များအား ငလျင်ဒဏ်သင့်ဒေသများထံ စေလွှတ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်ညပိုင်းကထုတ်ပြန်ထားသည်။
အထူးဒေသ (၂) ‘ဝ’ နှင့် အထူးဒေသ (၄) မိုင်းလားတို့ကလည်း ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ငွေကြေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဂနိုက်
#MeKongNews








