ပျက်စီးသွားသည့် စစ်ကိုင်းမြို့တွင် ၃၆ ဦး ကယ်တင်နိုင်ပြီး ရုပ်အလောင်း ၈၈ လောင်းတွေ့
မဲခေါင်၊ မတ် ၃၀
ငလျင်ဒဏ်အပြင်းအထန်ခံရသည့် စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး ယခုချိန်ထိ ၃၆ ဦးကို ကယ်တင်နိုင်ပြီး ရုပ်အလောင်း ၈၈ လောင်းတွေ့ရှိထားသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့အတွင်း ပိတ်မိနေသူများအား ကူညီကယ်တင်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့သည် ငလျင်ကြောင့် ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည်ဟု မြို့ခံများက လူမှုကွန်ရက်တွင် ရေးသားထားသည်။ သေဆုံးရုပ်အလောင်းများသည် အပုပ်နံ့ပင်ထွက်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် နိုင်ငံတကာကူညီရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ဆောင်နေသော်လည်း တဖက်ကမ်း စစ်ကိုင်းမြို့သို့ သွားရောက်ရန်ခက်ခဲနေသည်။ စစ်ကိုင်းတံတားဟောင်းမှာ ငလျင်ကြောင့် ကျိုးကျခဲ့ပြီး တံတားသစ်မှာလည်း ကြံ့ခိုင်မှုအခြေအနေကြောင့် ဖြတ်သန်းခွင့် ပိတ်ထားသည်။
ပြင်းထန်ငလျင်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၆၀၀ ကျော်ရှိပြီး ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ရာနှင့်ချီ ပျောက်ဆုံးနေသည်။ စစ်ကိုင်းမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်နေသည်။
#MeKongNews









