တာချီလိတ်ဝန်ထမ်းလိုင်းခန်းမြေနေရာကို ပုဂ္ဂလိကထံ ငှားရမ်းပြီး အကျိုးအမြတ်ရှာ
မဲခေါင်၊ မတ် ၂၆
တာချီလိတ် လေဆိပ်ဝန်ထမ်းများအတွက် လူနေလိုင်းခန်း ဆောက်လုပ်ရန် ချထားပေးသည့် မြေနေရာကို လေဆိပ်စာရေးက တဖက်လှည့်ဖြင့် ပုဂ္ဂိလက လုပ်ငန်းရှင်တစ်ဦးထံ ငှားရမ်းပြီး အကျိုးအမြတ်ရှာနေကြောင်း လေဆိပ်ဝန်ထမ်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
တာချီလိတ်လေဆိပ်စာရေးဖြစ်သူ သောင်းစိုးက ဟွေခိုက်ကျေးရွာ လမ်းဘေး တာချီလိတ်လေယာဉ်ကွင်း အနီးတွင်ရှိသည့် မြေ ၅ဧကခန့်ကျယ်ဝန်းသည့် နေရာကို ၂၀၂၄ ခုနှစ်အတွင်း ပုဂ္ဂလိကသို့ ငှားရမ်းလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်းခြံစည်းရိုးများ အခိုင်အမာ တည်ဆောက်ကာ ကားဝပ်ရှော့များ၊ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များနှင့် ပျိုးဥယျာဉ်စိုက်ခင်းများစွာ တည်ဆောက်ထားသည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အဲဒါတွေ ဆောက်တာ ၃လလောက်ပဲရှိသေးတယ်။ အဲဒီဝန်းရှေ့မှာ ဌာနဆိုင်ရာမြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်လည်းကပ်ထားသေးတယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသည့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာမရှိသည့်အတွက် ယခုကဲ့သို့ မြေနေရာချထားပေးလိုက်သည့်အပေါ် ဝမ်းသာနေကြကြောင်း၊ သို့သော်လည်း ယင်းမြေနေရာကို ဝန်ထမ်းအိမ်ရာအကောင်အထည်မဖော်ဘဲ လုပ်ငန်းရှင်ထားငှားစားလိုက်သည့်အတွက် ကျေနပ်မှုမရှိကြကြောင်း၊ ငှားရမ်းခမှာ တစ်လလျှင် ဘတ်တစ်သိန်းနှင့်အထက် ရရှိနေပြီး ယင်းငှားရမ်းရရှိငွေများကို သောင်းစိုးဆိုသူက လက်ဝါးကြီးအုပ်ထားကြောင်း ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောသည်။
မြေငှားရမ်းသည့် လုပ်ငန်းရှင်မှာ ရဲမြင့်စိုးဆိုသူဖြစ်ပြီး ၎င်းမှာလည်း တာချီလိတ်မြို့တွင်း၌ မြေကွက်များ အကွက်ရိုက်ရောင်းကာ ကြီးပွားချမ်းသာလာသူဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်ခရိုင်၊ မြို့နယ်အတွင်းရှိ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှု ပိုမိုများပြားလာပြီး ယခင်ကဲ့သို့ ထိန်းကျောင်းမည့် မဏ္ဍိုင်များ မရှိတော့သည့်အတွက် ပိုမိုရဲတင်းစွာ လုပ်ဆောင်လာကြောင်း ဒေသခံပြည်သူများက ဝေဖန်နေကြသည်။
ဇော်မြင့်
#MeKongNews








