မိုင်းရှူးက တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP ဖမ်း
မဲခေါင်၊ မတ် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် အခြေစိုက်သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ တရားမဝင်တရုတ်နိုင်ငံသား အချို့နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်ကြောင်း SSPP ပြန်ကြားရေးက ယနေ့ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၂၃ ရက်၊ နံနက်အစောပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာတွင် တရားမဝင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်စု ရောက်ရှိနေကြောင်း သတင်းရရှိ၍ SSPP/SSA မှ ၎င်းငွေလိမ်ဂိုဏ်းအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား အချို့ နှင့် ဆက်စပ် ပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၊ I Pad ၊ ကွန်ပျုတာမျိုးစုံတို့ အများအပြား ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြပါရှိသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း၌ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းစီ ဖြစ်စေ လက်ခံထားရှိခြင်းမပြုရန် တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါအဝင် မိဘပြည်သူများအားလုံးသို့ လွန်ခဲ့သည့် မေလ (၁၃) ရက် ၊ ၂၀၂၄ ခုနှစ် တွင်လည်း SSPP/SSA မှ အမိန့်ထုတ် ပြန်ထားခဲ့ပြီးဖြစ်ရာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပါတ်သက်ကြောင်းသိရှိပါက ထိရောက်စွာ ဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်ဘက်တွင် အဖမ်အဆီးများသဖြင့်တောင်ပိုင်းမှ မိုင်းကိုင်၊ ကျေးသီး၊ လဲချားနှင့် မိုင်ရှူး၊ ဟိုင်ပါရေတံခွန်နားအထိ ကျားဖြန့်များ ပြောင်းရွှေ့နေသည့်သတင်းများထွက်ပေါ် နေရာ ယခုတွင် SSPP မှ ဖမ်းဆီးခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှအလိုရှိသည့် ကျားဖြန့်ခေါင်းဆောင် ၂ယောက်နှင့် တရုတ်နိုင်ငံသား ၁၆ယောက်ကို UWSA က ပြီးခဲ့သည့် မတ်လ ၂၀ရက်ကလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း WSTV (Wa State TV) က ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews









