တာချီလိတ် Perfect Zone KTV တွင် ရဲတပ်ကြပ်တစ်ဦး မူးယစ်ဆေးရှော့ဖြစ် သေဆုံး
မဲခေါင်၊ မတ် ၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ Perfect Zone KTV တွင် ဟောင်လိတ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၂၇ရက်က မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်နယ်မြေရဲစခန်းမှ ရဲ ၂ဦး Perfect Zone KTV တွင် လာရောက်သီချင်းဆိုရင်း Happy Water ခေါ် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြစ်ပြီး ၎င်းတို့ ၂ဦးအနက် တစ်ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ဟက်ပီးက ချပြီးရင် ကိုယ်လှုပ်လက်လှုပ် ကနေမှ၊ အဲလိုမဟုတ်ဘဲ အိပ်ပျော်သွားရင် ရှော့ဖြစ်ပြီးသေတာများတယ်။ ခုလည်း ဒီရဲက အလွန်အကျွံချပြီး ရှော့ဖြစ်တာဖြစ်မယ်။ ဆိုင်ကလည်း ရဲထွက်လေ၊ ဆိုင်ကရော၊ စခန်းကရောသတင်းက ဖုံးထားတော့ သေချာတော့ မသိရဘူး။ KTV တွေက ရဲထွက်တွေပိုင်တာများတယ်”ဟု ဟောင်လိပ်ဒေသခံတစ်ဦးက ပြောသည်။
မူးယစ်ဆေး Happy Water ရှော့ဖြစ်ပြီးသေဆုံးသူမှာ ရဲတပ်ကြပ်စိန်ဝင်း ဆိုသူဖြစ်ကြောင်း သိရသည်။
Happy Waterသည် အရောင်၊ အနံ့မရှိသည့် အရည်ဖြစ်ပြီး အမှုန့်ထုတ်အနေလည်း တွေ့ရကာ ရေ၊ အချိုရည်၊ အရက် များဖြင့် ရောပြီး သောက်ကြလေ့ရှိကြောင်း၊ ၎င်းထဲတွင် Ecstasy, Methamphetamine, Caffeine, Tramadol, Diazepam, Tetamine စသည့် ဓာတုပစ္စည်းများ ရောနှောထားပြီး Drug Cocktailဟုလည်း ခေါ်ကြောင်း၊ KTV များတွင် အများဆုံးရရှိနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ နာမည်ကြီး KTV များတွင် ရဲထွက်အချို့ နှင့် ပြည်သူ့စစ်အချို့က စိတ်ပြောင်းဆေးဝါး(Happy Water)များကို ဖြန့်ချိနေသည်ဟု ဒေသခံများက ပြောသည်။
မဟာ
#MeKongNews








