ရှမ်းအရှေ့၌ စစ်မှုထမ်းလူစားထိုး တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ပေါက်ဈေးရှိ
စားဝတ်နေရေးကြပ်တည်းသော်လည်း စစ်မှုထမ်းအတွက် တစ်အိမ်လျှင် တစ်လကျပ် သုံးသောင်ကျော် ပေးဆောင်နေရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်အရှေ့ပိုင်း မြို့များ၌ စစ်မှုထမ်းလူစားထိုးအတွက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ပေါက်ဈေးရှိနေပြီး တပ်သားသစ် ရရှိရေးအတွက် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက တင်းကြပ်စွာလုပ်ဆောင်နေကြောင်း မြို့လူထုများထံက သိရသည်။
အိမ်ထောင်စု ၁၂၁၃ ရှိသည့် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၌ အလှည့်ကျစစ်မှုထမ်း တစ်ပတ်စဉ်အတွက် စစ်မှုထမ်းတပ်သားသစ် လေးဦးပေးရမည်ဟုသတ်မှတ်ထားသည်။
မိမိသဘောဆန္ဒအလျှောက် စစ်မှုထမ်းလိုသူမရှိသဖြင့် လူစားထိုးအဖြစ် တပ်သားသစ်တစ်ဦးအတွက် ကျပ်သိန်း ၁၀၀ စစ်ကောင်စီကို ပေးရသည်။ လူစားထိုးအတွက် ရပ်ကွက်အတွင်း၌ တစ်အိမ်ထောင်လျှင် ကျပ် ၃၃၀၀၀ ကိုလစဉ်ပေးနေရသည်ဟု ရပ်ကွက်လူထုထံက သိရသည်။
“ ထည့်ရတာ လေးကြိမ်ရှိပြီ၊ ငွေမထည့်နိုင်ရင် လူလာဆိုပြီး ပြောတော့လည်း ထည့်နေရတယ်ဗျာ၊ ဒါတွေ မြန်မြန်ရပ်စေချင်ပြီ”ဟုဒေသခံတစ်ဦးက ပြောသည်။
အလားတူ တောင်ယာစိုက်ခင်းများ ကြွက်ဘေးကျရောက်ကာ စားဝတ်နေရေးကြပ်တည်းနေသော မိုင်းပျဉ်မြို့နယ်၊ မိုင်းမန်းအုပ်စုတွင်လည်း စစ်မှုထမ်း လူစားထိုးငွေမပေးနိုင်သဖြင့် ဗမာစကားမပြောတတ်သည့် လူငယ်များ စစ်မှုထမ်းနေရသည်။
ထိုဒေသ၌ ကြွက်အန္တရာယ်ကြောင့် ဆန်စပါးထွက်ရှိမှုကျဆင်းကာ စီးပွါးရေးကြပ်တည်းသဖြင့် တစ်အိတ်ကို ကျပ် ၃၇၀၀၀ ပေါက်ဈေးရှိသည့် ဆန်ကွဲအညံ့ကိုသာဝယ်စားနေရခြင်းကြောင့် စစ်မှုထမ်းလူစားထိုးအတွက် ငွေပေးနိုင်ခြင်းမရှိချေ။
“ ဆန်မရှိဆန်ကွဲဝယ်စား၊ ဟင်းမရှိ ဖရုံသီးပြုတ်၊ ငရုတ်သီး၊ ဆားရှိရင်ရပေမယ့် ပေးစရာငွေ မရှိဘူးကော” ဟု တောင်ပေါ်ဒေသခံတစ်ဦးက ပြောသည်။
ထိုနည်းတူစွာ တာချီလိတ်မြို့နယ်၊ ပါလျိုး၊ ကျိုင်းလပ်၊ နားဝမ်အုပ်စုတွင်လည်း အိမ်ထောင်စု ၁၂၃ စုမှ လစဉ် စစ်မှုထမ်းအတွက် ဘတ် ၅၀၀ ထည့်နေရကြောင်းသိရသည်။
ကျေးရွာပေါင်း ၃၀ ရှိသည့် မိုင်းဆတ်မြိုနယ်၊ ကျတီအုပ်စု၌လည်း တစ်အိမ်ထောင် ကျပ်၅၀၀၀၀ လစဉ်ထည့်ဝင် နေရသလို မိုင်းတုံတွင်လည်း ငွေများကောက်ခံနေကြောင်းသိရသည်။
စစ်မှုထမ်းအကျုံးဝင်သူ ရှိသည့်အိမ် ကျပ် ၃၀၀၀၀၊ စစ်မှုထမ်းအကျုံးဝင်သူ မရှိသည့် အိမ် ကျပ် ၁၀၀၀၀ ထောက်ပံ့ကြေးအနေဖြင့် ထည့်နေရသည်ဟု မြို့လူထုပြောသည်။
တောင်ပေါ် မိုင်းကန်အုပ်စု ၁၁ ရွာတွင် စစ်မှုထမ်း ၁၀ ဦးပေးခဲ့ရပြီးဖြစ်သော်လည်း ယခုထိ စစ်မှုထမ်းတပ်သားသစ် တောင်းနေမြဲဖြစ်သည်။ လူငယ်များမရပါက မိသားစုများ ဖမ်းဆီးခံရမည်ဟု ပြောဆိုနေသဖြင့် ဒေသခံများအနေဖြင့် ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိသည့် အခြေအနေဖြစ်ပေါ်နေသည်။
“ ငွေလည်းထည့်ရတယ်၊ လူလာမှရမယ်လည်းပြောတယ်၊ လူတွေလည်းမရှိကြတော့ဘူး၊ လူမလာ အိမ်ကကျန်သူတွေခံရမယ်ပြောတယ်၊ အဲ့လို ဝေး အကြီးကြီး ဒုက္ခ” ဟု ရွာသားတစ်ဦးက ရေရွတ်သည်။
ရှမ်းပြည်အရှေ့ပိုင်းသည် မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ စစ်မက်ဖြစ်ပွားခြင်းမရှိသော်လည်း အဓမ္မစစ်မှုထမ်းစုဆောင်းနေမှုကြောင့် လူငယ်၊ လူရွယ်များ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြသဖြင့် အလုပ်လုပ်ပြီး မိသားစုကို အနီးကပ်ပြုစုလုပ်ကျွေးသူများ နည်းပါးလာသည်။ ကျန်ရစ်သူ မိဘများသည်လည်း စစ်မှုထမ်းရမည့်သားသမီးများမရှိပါက အရေးယူခံရမည့် အခြေအနေသို့ ရောက်နေကြကြောင်း သိရသည်။
မဟာ
#MeKongNews








