တာချီလိတ် နာတာလိပြည်သူ့စစ်ခေါင်းဆောင် နေအိမ်အတွင်း မူးယစ်ဆေးဝါးကုန်ကြမ်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ
မဲခေါင် ၊ ဖေဖေါ်ဝါရီ ၂၆
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာ၌ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၅ ) နံနက်ပိုင်း၌ စစ်ကောင်စီ တပ်ရင်း(၂)ရင်းနှင့် ဌာနေပြည်သူ့စစ်များ ပူးပေါင်းကာ နာတာလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းခါ၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးကုန်ကြမ်း သုံး အိတ်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။
သက်သေခံပစ္စည်းတွေကို ဖမ်းဆီးရမိသော်လည်း တရားခံများကို ဖမ်းဆီးရမိခြင်း မရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နာတာလိပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်ကို တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းက ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးချက်လုပ်နေသည်ဆိုသည့် သတင်းများအရ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ အခုရက်ပိုင်း စီမံချက်မလာသေးပေမယ့် ဖမ်းဆီးရေးဆက်တိုက်ရှိနေတာ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများထဲတွင် သေနတ်အရှည် ရှစ်လက်နှင့် ကျည်ဆန်များပါဝင်ပြီး မူးယစ်ဆေးဝါးကုန်ကြမ်းဆက်စပ်ပစ္စည်း ရှစ်အိတ်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးရည် ရှစ် ဘူး၊ ဆိုင်ကယ်သုံးစီး၊ ကားတစ်စီးပါဝင်သည်။
ယခင်က ရေပူစမ်းပြည်သူစစ်အဖွဲ့ ၁၊ ၂၊ ၃ ဟူ၍ လက်အောက်ခံအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကာ ၂၀၂၀ ခုနှစ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အမြောက်အများဖမ်းဆီးခံရပြီးနောက်ပိုင်း ရေပူစမ်းပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ၂၀၂၄ ခုနှစ်တွင် နာတာလိပြည်သူ့စစ်ဟူ၍ အမည်ပြောင်းကာ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။
နာတာလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းခါသည် ၂၀၂၁ ခုနှစ်၊ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝီဇင်မိုးနှင့် သမီးယောက်ဖတော်စပ်သူဖြစ်ပြီး လွယ်စတုံကျေးရွာအနီး လားဟူငါးကန်ဖွင့်လှစ်ထားပြီး လောင်းကစားဝိုင်း၊ KTV နှင့်ဟိုတယ်ခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။
နာတာလိပြည်သူ့စစ်ခေါင်းဆောင် မင်းခါသည် လက်ရှိတွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေပြီး အမှုအတွင်း ပါဝင်ပတ်သတ်ခြင်းမရှိအောင် ဌာနဆိုင်ရာကို ငွေကြေးပေးကာ အမှုပိတ်ရန်ကြိုးစားနေကြောင်း မဲခေါင်သတင်းက စုံစမ်းသိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ပန်စလိကျေးရွာအနီးရှိ ပြည်သူ့စစ်တစ်ဦး၏ နေအိမ်တွင် တရုတ်နိုင်ငံသား ၄ ဦးအပါအဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း၌ အသုံးပြုသည့် ဖုန်းများ ဖမ်းဆီးရမိခဲ့ပြီး မြို့တွင်း ဟောင်လိတ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရွှေပန်းအောင်ဟိုတယ်၌လည်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၁၃ ဦးဖမ်းဆီးရမိကြောင်းနှင့် တရုတ်နိုင်ငံသားတစ်ဦးမှာ Happy Water အပါအဝင် E နဲ့ မူးယစ်ဆေးဝါးအစုံဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။
အိုက်မောင်း
#MeKongNews
#မူးယစ်ဆေးဝါး
#ပြည်သူ့စစ်
#ရေပူစမ်း
#နာတာလိ
#ဖမ်းဆီးရေး








