ငွေ၊ ရိက္ခာနှင့် တပ်သားသစ်မပေးသည့် စစ်ရှောင် နေအိမ်၂၀၀ ကျော်ကို ပီအန်အိုမီးရှို့
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
ငွေ၊ ရိက္ခာနှင့် တပ်သားသစ် မပေးနိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်၊ ဘီလူးချောင်းအနောက်ဘက်ကမ်းရှိ စစ်ရှောင်နေအိမ် ၂၀၀ ကျော်ကို ပီအန်အိုက မီးရှို့နေသည်။
နေရပ်စွန့်ခွါ စစ်ရှောင်နေသော ဟိုဝိုးရွာ၊ ဆော်လန်ရွာ နှင့် ဒေါ်ပေါ်ရွာသားများ ရွားတွင်း၌ ပြန်လည်နေထိုင်ရန် ပီအန်အိုနှင့် ညှိနှိုင်းရာတွင် ပြန်လည်နေထိုင်မည်ဆိုပါက ငွေ၊ ရိက္ခာနှင့် တပ်သားသစ် ဖြည့်ပေးနိုင်မှ လက်ခံမည်ဟု ပီအန်အိုကတောင်းဆိုသည်။
ဒေသခံများအနေဖြင့် တောင်းဆိုသည့်အရာများ မပေးနိုင်သဖြင့် ပြန်လည်နေထိုင်ဖို့အဆင်မပြေဖြစ်နေချိန် တောင်းဆိုသည့် ငွေ၊ရိက္ခာနှင့် တပ်သားသစ်များပေးကာ ကျေးရွာအတွင်းပြန်လည်နေထိုင်ရန် ဖိအားပေးလျှက်ရှိပြီး နေထိုင်ခြင်းမရှိသည့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပို့နေသည့် ထောက်ပို့တစ်ဦးက ပြောသည်။
အိမ်ခြေ ၆၀ ဝန်းကျင်ရှိသည့် ဟိုဝိုးကျေးရွာ၊ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဆော်လန်ကျေးရွာ၊ အိမ်ခြေ ၅၀ ရှိသည့် ဒေါပေါ်လဲကျေးရွာရှိ အိမ်ခြေအားလုံးနီးပါး မီးရှို့ခံထားရသည်။
ဟိုဝိုး၊ ဆော်လန်နှင့် ဒေါပေါ်လဲကျေးရွာများရှိရာ ဘီလူးချောင်းအနောက်ဘက်ကမ်းကို ပီအန်အို ပြည်သူ့စစ်က ယမန်နှစ်၊ ဒီဇင်ဘာတွင် ပြန်လည်ထိန်းချုပ်ပြီးနောက် ပီအန်အိုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံရွာသားများ နေရပ်စွန်ခွါ စစ်ရှောင်နေခြင်းဖြစ်သည်။
ယနေ့တွင်လည်း PNO ပြည်သူ့စစ်သည် ဘီလူးချောင်းအနောက်ဘက်ကမ်းရှိ ကျေးရွာများကို ဆက်လက်မီးရှို့ပျက်ဆီးနေသည်။
သုဝဏ္ဏခွန်၊ မဟာ
#MeKongNews








