ရှမ်းပြည်တောင်ပိုင်း၌ လက်နက်ကိုင်များကို အခွန်ပေးဆောင်ရသည့် ဘိန်းစိုက်ပျိုးမှု တိုးပွါးလာ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်များ၌ လက်နက်ကိုင်များကို အခွန်ပေးဆောင်ရသည့် ဘိန်းစိုက်ပျိုးမှု စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ တိုးပွါးလာသည်။
ဖေါ်ပြပါ မြို့နယ် (မဲနယ်တောင်တကြော)၌ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာပြီး ဘိန်းစိုက်တောင်သူများသည် ဘိန်းစိုက်ပျိုးခွင့်ရရှိရေးနှင့် ဖျက်ဆီးမခံရရေးအတွက် ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော လက်နက်ကိုင်အဖွဲ့အစည်းများကို အခွန်ပေးဆောင်နေရကြောင်း ဒေသခံကပြောသည်။
ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ဒေသတွင်း ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်တွင် သုတေသနပြုလုပ်ခဲ့ရာ ပုံမှန်စိုက်ပျိုးမှုထက် တစ်ဆခန့်မြင့်တက်လာသည်ကို တွေ့ရှိရပြီး ယခုနောက်ပိုင်းတွင် သုတေသနမလုပ်ဖြစ်သော်လည်း စိုက်ပျိုးမှုပမာဏသည် လျော့ကျသွားခြင်းမရှိကြောင်း၊ ရေခြံစိုက်ပျိုးရေးနှင့် ကုန်းခြံစိုက်ပျိုးရေးနှစ်မျိုးအနက် ရေခြံစိုက်ပျိုးရေးသည် သိသိသာသာတိုးပွါးလားပြီး ထက်ဝက်ခန့်မြင့်တက်လာနိုင်သည်ဟု PYO ၏ပြောခွင့်ရသူကပြောသည်။
ရှမ်းပြည်တောင်ပိုင်းသည် စစ်ကောင်စီအပါအဝင် PNO/PNA ပြည်သူ့စစ်, SSPP/SSA နှင့် RCSS/SSA စသည့် လက်နက်ကိုင်အဖွဲ့အစည်းများလှုပ်ရှား စိုးမိုးရာဒေသဖြစ်ပြီး အုပ်ချုပ်မှုရှုပ်ထွေးသော ဒေသဖြစ်သည်။
လွိုင်လင်မြို့နယ်ရှိ ဒေသခံဘိန်းစိုက်တောင်သူများသည် မိုးရာသီတောင်ပေါ်ဘိန်းစိုက်ခင်းနှင့် ရေဖြင့် စိုက်ပျိုးသည့် ရေခြံဘိန်းစိုက်ခင်းဟူ၍ ရာသီနှစ်ခုဖြင့် ဘိန်းစိုက်ပျိုးနေပြီး ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့် PNO ပြည်သူ့စစ်၊ SSPPနှင့် RCSS စသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပြင် စစ်ကောင်စီ၏ ဌာနဆိုင်ရာအာဏာပိုင်များကိုလည်း ဘိန်းစိုက်ပျိုးမှုအခွန်ပေးဆောင်ကြရသည်။
အလားတူ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ဘိန်းစိုက်တောင်သူများသည် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာအာဏာပိုင်များကို ဘိန်းစိုက်ပျိုးမှုအတွက် အခွန်ပေးဆောင်နေရသည်။
ဘိန်းစိုက်ပျိုးမှု အခွန်ကောက်ယူမှုပုံစံနှင့် နှုန်းထားများသည် ကောက်ခံသည့် လက်နက်ကိုင်အဖွဲ့အစည်းအလိုက်၊ မြို့နယ်အလိုက်၊ ဒေသအလိုက်အပေါ်မူတည်ပြီး မတူညီကြောင်း သိရသည်။
ထိုကဲ့သို့ ဒေသခံဘိန်းစိုက်တောင်သူများသည် ဘိန်းစိုက်ပျိုးမှုအတွက် အာမခံချက်ရှိစေရန် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများကို အခွန်ပေးဆောင်နေရသော်လည်း စစ်ကောင်စီ၏ ဘိန်းစိုက်ပျိုးမှုလျော့ချရေးစီမံချက်ဖြင့် ဘိန်းစိုက်ခင်းဖျက်ဆီးခြင်းကို အာမခံချက်မပေးနိုင်ပဲ တောင်သူများ ထိခိုက်နစ်နာမှုကြုံတွေ့ နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ဘိန်းစိုက်ခင်းများကို လိုက်လံဖျက်ဆီးနေသော်လည်း စိုက်ပျိုးမှုလျော့ကျသွားခြင်းမရှိပဲ ပို၍ပင် တိုးလာကြောင်း သိရသည်။
“ စီမံချက်က နှစ်တိုင်းရှိတယ်၊ စီမံချက်ဝင်တာ စောရင် တောင်သူတွေ အထိနာတယ်၊ နောက်ကျမှ ဝင်ရင် အထိနာတာ သက်သာတယ်၊ အကယ်လို့ ဒီနှစ်မှာ စီမံချက်နဲ့ ဖျက်ဆီးခံထိရင် နှောက်နှစ်ပိုစိုက်လာတာပဲရှိတယ်၊ စီမံချက်နဲ့ ဖျက်တယ်ဆိုတိုင်း စိုက်ပျိုးမှုနှုန်းက လျော့မသွားဘူး” ဟု PYO တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဆိုင်ရာရုံး (UNODC) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုအမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုထုတ်လုပ်မှု (၈၈)ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဒေသဖြစ်သည်။
သုဝဏ္ဏခွန်
#MeKongNews








