မိုင်းရယ်မှ လက်ကျန်ကျားဖြန့်များကို လက်နက်ကိုင်အဖွဲ့က ၁၀ ဘီးကား ၁၀ စီးဖြင့် မိုင်းနောင်တောနက်ဘက်သို့ ပြောင်းရွှေ့ပေးခဲ့
မဲခေါင်၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရယ်မြို့နယ်အတွင်းရှိ လက်ကျန် ကျားဖြန့်ဂိုဏ်းကို တော်လှန်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၁၀ ဘီးကား ၁၀စီးဖြင့် မိုင်းနောင်မြို့နယ်ဘက်သို့ ယမန်နေ့က ပြောင်းရွှေ့ပေးခဲ့သည်။
မိုင်းရယ်မြို့နယ်၊ မိုင်းဟဘက်မှ မိုင်းနောင်မြို့နယ်၊ ဟိုတက်ရွာ၏ အရှေ့ဘက်ရှိ နမ့်ဟူးလုံ တောနက်ပိုင်းသို့ ပြောင်းရွှေ့ပေးနေခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ ကြားတာတော့ မိုင်းဟ ကလက်ကျန်တွေကို ရွှေ့တာလို့ကြားတယ်၊ တန့်ဟန်းနဲ့ မန်ကန်ဘက်တွေကလည်း ရွှေ့မယ်ကြားတယ်” ဟုဒေသခံကပြောသည်။
မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသ၌ ကျားဖြန့်လုပ်ကိုင်သူ တစ်ရာကျော်ကို စစ်ကောင်စီက ယခုလ ၅ ရက်မှ ၉ ရက်အထိ တိုက်ခိုက်ဖမ်းဆီးရမိပြီးနောက် လက်ကျန်ကျားဖြန့်များ ဖမ်းဆီးမခံရရေး နေရာပြောင်းရွှေ့ခြင်း ဖြစ်နိုင်သည်ဟု ၎င်းကယူဆသည်။
မိုင်းရယ်မြို့နယ်ရှိ ကျားဖြန့်နေရာများ သတင်းမပေါက်ကြားဖို့ မိုင်းဟ ပြည်သူ့စစ်က ဒေသခံများကို ခြိမ်းခြောက်ထားပြီး သတင်းပေါက်ကြားပါက မိသားစုကိုပါ အပြင်းထန်ဆုံးအရေးယူမည်ဟု ခြိမ်းခြောက်ထားသည် ဟု ပြောသည်။
ယခုလ ၅ ရက်မှ ၉ ရက်အထိ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများဖမ်းဆီးရာတွင် တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး၊ လက်နက်ကိုင်လုံခြုံ ရေးငါးဦး၊ စုစုပေါင်း ၁၀၂ ဦး၊ လုပ်ငန်း၌အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Desktop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wi-Fi စက် နှစ်လုံး၊ Star link ခုနှစ်လုံး၊ လက်နက်မျိုးစုံ ခုနှစ်လက်၊ ကွန်ပျူ တာ ၇၂ လုံး၊ ငါးဂိမ်းစက် ငါးလုံး၊ ကားသုံး စီး သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ယခုလ ၁၀ ရက်တွင်ထုတ်ပြန်ထားသည်။
မိုင်းဟ၌ဖမ်းဆီးခံရသည့် ကျားဖြန့်လုပ်ငန်းသည် စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့ စစ်ခေါင်းဆောင် ဦးလော်မာ၏သားဖြစ်သူ ဖွင့်ထားသည့်ကျားဖြန့်ရုံ ဖြစ်သည်ဟုဒေသခံက ပြောသည်။
၂၀၂၄ ခုနှစ်တွင် မိုင်းရယ်မြို့နယ်၊ လွယ်ကြူအုပ်စု၌ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်ထားသည့် မိုင်းဟ၊ မန်ကြူ၊ မန်ဟိန်း နှင့် မန်ပန်ကျေးရွာအုပ်စုများအပါအဝင် မိုင်းရှူးမြို့နယ်၊ ဟိုက်ပါရေတံခွန်အနီး နမ့်ပန်ချောင်းတလျှောက် ကျားဖြန့်ရုံများကို နေရာခွဲ၍ လုပ်ဆောင်နေကြပြီး ကျားဖြန်လုပ်ကိုင်သူ အနည်းဆုံး လူ ၄၀၀၀ ခန့်ရှိနိုင်သည်ဟု ဒေသသတင်းများကဆိုသည်။
ယခုလ ၁၁ ရက်တွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ စစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ကူညီကယ်ဆယ်ပေးပါရန်ပေးပို့လာသည့် ကျားဖြန့်လုပ်ငန်းများတွင် အဖမ်းခံထားရသည့် တရုတ်နိုင်ငံသား ၁၀ဦးသည် SSPP/SSA ထိန်းချုပ်ဒေသဖြစ်သည့် ဝမ်ဟိုင်းမှ ငါးဦး၊ လွိုင်လင်မှ တစ်ဦး၊ တန့်ယန်းမှ နှစ်ဦး၊ မူဆယ်မှတစ်ဦး နှင့် တာချီလိတ်မြို့မှတစ်ဦး ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျန်ဖြန့်) လုပ်ကိုင်နေသူ နိုင်ငံခြားသား ၅၅၇၁၁ ဦးကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီမှ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews








