ရွှေကုက္ကိုလ်မြို့သစ်ထဲ BGF များ အင်အားအလုံးအရင်းအသုံးပြုပြီး ကျားဖြန်နှိမ်နင်းရေးနှင့် ဓားစာခံများကယ်တင်ရေး စတင်လှုပ်ရှား
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ဖေဖော်ဝါရီ ၁၄ရက် နံနက်ပိုင်းမှ စတင်ကာ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များသည် အင်အားအလုံး အရင်းဖြင့် ရွှေကုက္ကိုလ်မြို့သစ်ထဲ ဝင်ရောက်လာခဲ့ပြီး ကျားဖြန်လုပ်ငန်းများ၏ အဓိက တရားခံများဖမ်းဆီးရေးနှင့် ဓားစာခံအဖြစ် လူမှောင်ခိုကူးခံ နိုင်ငံခြားသားများ ကယ်ထုတ်ရေး စတင်လှုပ်ရှားနေကြောင်း သိရသည်။
BGF ခေါင်းဆောင်စောချစ်သူကို ထိုင်းဘက်မှ ဖမ်း၀ရမ်းထုတ်ရန် စီစဉ်နေကြောင်း သတင်းများ ဆက်တိုက်ထွက် ပေါ်နေချိန် ဖေဖော်ဝါရီ ၁၃ ရက်က မိမိတို့အနေဖြင့် မြ၀တီကျားဖြန်ဂိုဏ်းများကို မြေလှန်ရှင်းလင်းပြီး တရားခံများ ဖမ်းပို့ရန်နှင့် ဓားစာခံနိုင်ငံခြားသားများကို ကယ်ထုတ်ကာ မြန်မာအစိုးရ (စကစ) နှင့် ထိုင်းအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအဖြစ် မြ၀တီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ထိုင်းဘက်သို့ လွှတ်ပေးမည်ဖြစ်ကြောင်း စာထုတ်ခဲ့သည်။
အဆိုပါ စာတွင် ထိုင်းဒုဝန်ကြီးချုပ်ဖြစ်သူ ဗစ်ချီယာချိုင်ထံ ပူးပေါင်းဆောင်ရွက်မှုအတွက် အကူအညီပေးရန် စောချစ်သူမှ လိပ်မူတင်ပြထားခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး အမှတ် (၂) မြ၀တီချစ်ကြည်ရေး တံတားမှ ထိုင်းဘက်သို့ တရားခံနှင့်ဓားစာခံများ စတင်လွှဲအပ်မည်ဟု ဆိုခဲ့သည်။
ရွှေကုက္ကိုလ်မြို့သစ်နေ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက ယနေ့မနက်ပိုင်း BGF တပ်ဖွဲ့ဝင်များစွာ မြို့အတွင်း ဝင်ရောက်လာကြောင်းနှင့် ဖမ်းဆီးစစ်ဆေးမှုများကို အဆောက်အအုံများပေါ် တက်ရောက် လုပ်ဆောင်နေ သည်ဟု ပြောကြားခဲ့သည်။
ကိုကလင်း
Ref: The Reporters
#MeKongNews









