နှစ်ပေါင်း ၂၀ နီးပါးသက်တမ်းရှိ အရပ်သားပိုင် ရော်ဘာခြံကို UWSA ခုတ်ထွင်သည့်ကိစ္စ ပိုင်ရှင်ဘက်မှ ထိုက်တန်သည့်လျှော်ကြေးရရှိရေး ဆန္ဒရှိ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဟိုပန်မြို့နယ်၌ ဒေသခံပိုင်ဆိုင်သော နှစ်ပေါင်း ၂၀ နီးပါးသက်တမ်းရှိ ရော်ဘာခြံကို UWSA “ဝ” တပ်ဖွဲ့က ပိုင်ရှင်နှင့် ကြိုတင်ညှိနှိုင်းခြင်းနှင့် ပိုင်ရှင်၏သဘောတူညီချက်မရှိပဲ ခုတ်ထွင်သည့်ကိစ္စ နစ်နာသည့် ပိုင်ရှင်ဘက်က ထိုက်တန်သည့် လျှော်ကြေးငွေရရှိရေးဆန္ဒရှိနေသည်။
နှစ်ဧကကျယ်ဝန်းသည့် ရော်ဘာစိုက်ခင်းသည် ဘိုးဘွားပိုင်မြေဖြစ်ကာ မြေစာရင်းဌာနက ထုတ်ပေးထားသည့် ပုံစံ (၁၀၅) ရှိသော မြေအမျိုးအစားဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ရော်ဘာပင်များစိုက်ပျိုးကာ ပျားမွေးမြူရေးပြုလုပ်ထားသည်ဟု ပိုင်ရှင်ကပြောသည်။
UWSA က ထိုမြေပေါ်တွင် ရုံးစိုက်မည်ဟုဆိုကာ ယခုလ ၈ ရက်မှ စတင်ကာ ၅ ရက်ဆက်တိုက် ရော်ဘာပင်များကို ခုတ်ထွင်ကာ ထင်းအဖြစ်သယ်ဆောင်နေကြောင်း မြေပိုင်ရှင်မိသားစုထံမှ သိရသည်။
UWSA တပ်က အစားထိုးအဖြစ် စစ်တပ်ပိုင်မြေကိုပေးကြောင်း၊ မိသားစုက အစားထိုးမြေကို မလိုချင်ပဲ ယခုမြေကဲ့သို့ကောင်းမွန်သည့် တခြားနေရာ သို့မဟုတ် ထိုက်တန်သည့် လျော်ကြေးရလိုကြောင်းကို ညှိနှိုင်းထားဆဲတွင် ယခုလို ရော်ဘာပင်များအား UWSA ရဲဘော်များက လာရောက်ခုတ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
UWSA တပ်ဖွဲ့ဝင်များက ယခုလ ၁၁ ရက်တွင် ခြံအတွင်းဝင်ရောက်ရှင်းလင်းစဉ် မြေပိုင် ရှင်က လူမှုကွန်ရက်၌ ရုပ်သံလွှင့်၍ ဖြစ်စဉ်ကိုပြောပြခဲ့သည်။
“ နှစ်ကြိမ်ညှိတာ အဆင်မပြေသေးဘူး၊ ထပ်ညှိနှိုင်းဖို့ကို ကျွန်မတို့ပြောထားတယ်၊ ထပ်တွေ့ဖို့ စောင့်မျှော်နေပါတယ်” ဟု မိသားစုဝင်တစ်ဦးက မဲခေါင်ကို ယမန်နေ့(ဖေဖော်ဝါရီ၁၂)တွင်ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပီး မြေပိုင်ရှင်နှင့် တွေ့ဆုံညှိနှိုင်းသွားရန်ရှိသော်လည်း ယခုပြုလုပ်နေသည့် ဗဟိုနှစ်ချုပ်အစည်းအဝေး ပြီးစီးမှာသာ ညှိနှုင်းနိုင်မည်ဟု ပိုင်ရှင်ကို ဦးညီရမ်းကပြောကြောင်းသိရသည်။
ဟိုပန်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၌ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲခဲ့ပြီး UWSA သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
မဟာ
#MeKongNews









