ကရင်နီပြည် စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းအသစ်များရှိသော်လည်း သင်ထောက်ကူနှင့် သင်ကြားရေးထောက်ပံ့မှုများ လိုအပ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၇
ကရင်နီပြည်၊ စစ်ရှောင်ကလေးများအတွက် ပညာသင်ကြားရေး အဆင်ပြေစေဖို့ CY က စာသင်ကျောင်းများဆောက်လုပ်ပေးနေသော်လည်း ကျောင်းစာအုပ်အပါအဝင် သင်ထောက်ကူပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ လိုအပ်လျှက်ရှိနေသေးသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လခန့်ကစပြီး ယနေ့အထိ စာသင်ကျောင်းဆောင် ၃၅ ဆောင်ကို ပြည်တွင်းပြည်ပ အလှူရှင်များကိုယ်စား CY ကဆောက်လုပ်ခဲ့သည်။
စာသင်ကျောင်းဆောင်တစ်ဆောင်ကို ကျပ်သိန်း ၁၂၀ မှ သိန်း ၁၅၀ အထိ ကုန်ကျသည်ဟု Clean Yangon(CY) တာဝန်ခံ ကိုဇေယျာထွန်းကပြောသည်။
စစ်ဖြစ်နေသော်လည်း အနာဂတ်လူငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းရစေချင်သည့်ရည်ရွယ်ချက်ဖြင့် စစ်ရှောင်ကလေးငယ်များ၏ လုံခြုံရေးစိတ်ချရမှု ၊ ကုန်ကြမ်းပစ္စည်းရရှိမှု၊ လုံလောက်သည့် ရံပုံငွေရရှိမှု စသည့် အခက်အခဲများကြားမှ စာသင်ဆောင်များဆောက်လုပ်ခဲ့သော်လည်း ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေ၊ ကျောင်းသူ ကျောင်းသားများအတွက် သင်ထောက်ကူနှင့် ဖတ်စာအုပ်များ လိုအပ်ချက်ရှိသေးသည်ဟု Clean Yangon(CY) တာဝန်ခံ ကိုဇေယျာထွန်းကပြောသည်။
“ပညာရေးဆိုတာက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပေါ့၊ ပြောင်းလဲမှုအတွက် အစွမ်းထက်ဆုံးလက်နက်လို့လည်း လက်ခံယုံကြည်ထားတယ်၊ အဲ့အတွက် ပညာသင်ကြားဖို့အတွက် ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ အလိုအပ်ဆုံးဖြစ်တဲ့ အခြေခံအဆောက်အဦးတွေကို တည်ဆောက်ပြီး လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ကိုဇေယျာထွန်းက ပြောသည်။
လတ်တလော အခြေအနေတွင် ဖတ်စာအုပ်တစ်စုံကို ကလေး သုံးလေးဦး မျှဝေအသုံးပြုနေရ သည်ဟု ကိုဇေယျာထွန်းက ပြောသည်။
ကရင်နီပြည်မှ ကလေးငယ်များသည် စစ်ရေးအခြေအနေအရ စစ်ကောင်စီ လေယာဥ်များဝဲနေချိန်၊ လက်နက်ကြီး ပစ်ခတ်ချိန်များတွင် စာသင်ကြားမှုကို ရပ်နားပြီး တစ်ပတ်ခန့်ကျောင်းပိတ်ခြင်း၊ တစ်လခန့် ကျောင်းပိတ်ခြင်းများပြုလုပ်ကာ ပညာသင်ယူနေရသော ဒေသဖြစ်သည်။
ကရင်နီပြည်၌ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းကျော်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၀ ရာခိုင်နှုန်းအထိရှိပြီး အခက်အခဲများကနေ ပညာသင်ကြားနေကြရသည်။
မြူနှင်း
#MeKongNews









