ဘောလခဲ၌ စစ်အင်အားနှင့်ရိက္ခာဖြည့်တင်းနေသည့် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လာနိုင်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့များယူဆ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၃
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၌ စစ်အင်အားနှင့် စားနပ်ရိက္ခာဖြည့်တင်းနေသည့် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယူဆကာ ၁၀ ရက်အတွင်း နေရပ်စွန့်ခွါစစ်ရှောင်ကြဖို့ ဒေသခံတွေကိုနှိုးဆော်ထားသည်။
ဘောလခဲမြို့နယ်အခြေစိုက် ခမရ( ၃၃၇) ၊ ခမရ( ၄၂၉) ၊ ခမရ (၄၃၀) နှင့် ဘောလခဲမြို့မရဲစခန်းများကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသည်။ ဤအခြေအနေသည် အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်သဖြင့် ဒေသခံများ စစ်ရှောင်ကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်နိုးဆော်ထားသည်။
စစ်အင်အားအပါအဝင် ရိက္ခာနှင့် ခဲယမ်းများကို မြေပြင်လမ်းကြောင်းအတိုင်းပို့ဆောင်ဖြည့်တင်းတာမျိုး မဟုတ်ပဲ ရဟတ်ယာဉ်နှင့်ဖြည့်တင်းနေသည်ဟု KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ယန္တရား ထောက်တိုင်များနှင့် ပတ်သတ်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်စခန်းအနီး သွားလာခြင်းမပြုရန်၊ Non CDM ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဘောလခဲမြို့နယ်အတွင်း ယန္တရားလည်ပတ်မှုများကို မပြုလုပ်ရန်လည်း အသိပေးနှိုးဆော်ထားသည်။
“ စစ်ရေးကတော့ အသေးစိတ် ပြောလို့မရဘူးပေါ့လေ၊ ပြည်သူတွေ မထိခိုက်စေချင်လို့ အသိပေးထုတ်ပြန်ရတာမျိုးပါပဲ “ဟုကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်က မဲခေါင်ကိုပြောသည်။
ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာကြား စစ်ကြောင်းထွက်လာသော စစ်ကောင်စီကို တော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၁၂ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကာ လက်နက် ၄ လက်ရရှိခဲ့သည်။
စစ်ကောင်စီ ဘောလခဲမြို့နယ်၌ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဇန်နဝါရီလ ၃၁ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့သည်။
ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်ကြပ် တစ်ဦး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ လက်နက်တစ်လက်၊ ကျည်ဘောက်၊ ကျည့်တောင့်နှင့်တကွ ဒီဇင်ဘာလ ၁၈ ရက်က CDM ဝင်ခဲ့ဖူးသည်။
မြူနှင်း
#MeKongNews








