ခမရ(၃၅၉)တပ်ရင်းမှူးကို ပေးသွင်းရသည့်ငွေ များပြားခြင်းကြောင့် ဂိတ်ကြေး များပြားခြင်းဖြစ်
မဲခေါင်၊ ဖေဖော်ဝါရီ ၃
ခေတ္တတပ်ရင်းမှူးကို ပေးသွင်းရသည့်ငွေပမဏ များပြားနေခြင်းကြောင့် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့ဘက် ပုန်းထွန်ဂိတ်၌ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များထံက ဂိတ်ကြေး တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်ဟု ဂိတ်တာ၀န်ကျသူများနှင့်နီးစပ်သူက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ အခြေစိုက် အမှတ်(၃၅၉) ခြေမြန်တပ်ရင်း၏ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးကျော်ကျော်ထင်က တာချီလိတ်မှ မိုင်းဆတ်ဘက်အထွက် ပုန်းထွန်ဂိတ် တာဝန်ကျသူတွေ တစ်လလျှင် ထိုင်းဘတ်ငွေ သုံးသောင်း(ကျပ်သိန်း၄၀) ပေးသွင်းရမည်ဟု သတ်မှတ်ထားသဖြင့် ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီသည်တင်ယာဉ်များနဲ့ကုန်တင်ယာဉ်များထံက ဂိတ်ကြေးတိုးကောက်နေခြင်းသာ။
“ ဂိတ်တို့တံတားတို့ တာဝန်ကျရင် သူ့ကိုပေးရဖို့ ကားတွေထံက ပိုတောင်းရတော့တာ၊ တစ်ရက် တစ်ထောင်ရမှ တစ်လသုံးသောင်းပေးနိုင်မှာလေ”ဟု ပုန်းထွန်ဂိတ်တာဝန်ကျများနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။
ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအနေဖြင့် တခြားဝန်ကြီးဌာနကတာဝန်ကျသည့် ဂိတ်များကိုဖြတ်သန်းလျှင် ဘတ် ၁၀၀ ပေးရသော်လည်း စစ်ကောင်စီဂိတ်ကိုဖြတ်သန်းလျှင် နှစ်ဆ( ဘတ်၂၀၀)ပေးရပြီး တချို့သောကုန်တင်ယာဉ်တွေ ဘတ်၂၀၀ ထက်ပိုပေးရသည်ဟု တာချီလိတ် – မိုင်းဆတ် ပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောသည်။
ခေတ္တတပ်ရင်းမှူးဖြစ်သူသည် ပုန်းထွန်ဂိတ် အပြင် တံတားအမှတ်(၂)၌ တာဝန်ကျအဖွဲ့ကိုလည်း ဘတ်တစ်သောင်းသွင်းခိုင်းသည်သာမက တပ်တွင်းစစ်သည်တွေရဲ့ ခွင်မဲ့ လစာငွေတွေကိုလည်း လိမ်လည်ထုတ်ယူသုံးစွဲနေသည်ဟု တပ်တွင်းသတင်းအရင်းအမြစ်က ပြောသည်။
၎င်းသည် တပ်တွင်းမသမာမှုများလည်းရှိနေပြီး တပ်ပြေးလစာများကို လိမ်ထုတ်စားနေကြောင်း ၊ ဇန်နဝါရီလဆန်းပိုင်းတွင်လည်း ပြည်သူ့စစ်မှုထမ်းစနစ်အရ ခွဲတမ်းရသည့် တပ်သားသစ် ခြောက်ဦးအနက် တပ်ပြေးဖြစ်သွားသည့် တပ်သားသစ်လေးဦး၏လစာကိုလည်း ထုတ်ယူသုံးစွဲနေသည်ဟုပြောသည်။
တပ်တွင်းဖိနှိပ်မှုများစွာလည်းပြုလုပ်နေသည့် ခေတ္တတပ်ရင်းမှူးမှာ တပ်ရင်းမှူမရှိသည့်ကာလတွင် ယာယီတာဝန်ယူထားသူဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ကြောင်း သိရပါသည်။
မဟာ
#MeKongNews








