လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးရေး ကျိုင်းတုံခရိုင် TASK FORCE ဖွဲ့စည်း
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်း လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးရန်အတွက် ခရိုင် TASK FORCE အား ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။
တရားမဝင် ကားဂိတ်များဖွင့်လှစ်ခြင်း၊ တရားမဝင် ယာဥ်လိုင်းများပြေးဆွဲခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ တားဆီးစစ်ဆေးသွားရန်ဟု ဇန်နဝါရီ ၃၀ ရက်က ရုံးတွင်းညွှန်ကြားသည့် စစ်ကောင်စီစာတွင် ပါရှိသည်။
“မြို့ပြင်ဂိတ်တွေမှာပဲ စ စစ်မယ်၊ လိုင်စင်မဲ့ကားနဲ့ ခရီးသည်တင်တာကို အဓိကစစ်မှာ၊ ဒီနေ့စမယ်၊ မြို့ထဲတော့မစစ်သေးဘူး” ဟု ယာဥ်ထိန်းတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂) မှ စတင်ပြီး ကျိုင်းတုံမြို့အဝင် ဂိတ်များတွင် ထွေ/အုပ်၊ ရဲ၊ ယာဥ်ထိန်းရဲ၊ ကညန၊ ပို့/ဆက်၊ မထသနှင့် တပ်နယ်ကိုယ်စားလှယ်အပါ အင်အား ၁၅ ဦးခန့်ဖြင့် ဖွဲ့စည်းထားသည့် TASK FORCE ဖြင့်စတင် စစ်ဆေးဖမ်းဆီးသွားမည် ဖြစ်သည်။
“ဒီဖက်မှာ လူထုရော၊ အဖွဲ့အစည်းတွေရော၊ ဝစ်သောက်ပဲ စီးကြတာလေ၊ ကားမပြောနဲ့ဆိုင်ကယ်တွေ အားလုံးပဲ ၊ ယာဥ်ထိန်းကအစ ဌာနဆိုင်ရာတွေလည်း ဒါပဲစီးနေကြတာ၊ အားလုံးကို ဒုက္ခပေးနေတာ၊ ပြည်သူကိုပဲ နှိပ်ကွပ်နေတာ၊ “ဝ” (UWSA) ကားတွေကျ ဖမ်းရဲမှာ မဟုတ်ဘူး၊ ဟိုက ပြန်ချသွားမှာ၊ ပြည်သူကို ဖိနှိပ်လွန်းလို့ တိုင်းပြည်မီးဟုန်းဟုန်း တောက်နေတာ၊ ခုလဲ ဒီဖက် စ လုပ်လာပြီ” ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောသည်။
တိုင်းနှင့်ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ ထိထိရောက်ရောက် တားဆီးစစ်ဆေးဆောင်ရွက်ရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ ညွှန်ကြားချက်ပြီးနောက် ကျိုင်းတုံခရိုင် TASK FORCE အား ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
မဟာ
#MeKongNews








