(၇)ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲမှာ စစ်ကောင်စီက အချက် ၆ချက် တောင်းဆိုပြီး သုံ့ပန်းလဲလှယ်ရေးတစ်ချက်သာ သဘောတူညီမှုရဖို့ နီးစပ်
မဲခေါင်၊ ဇန်နဝါရီ ၂၁
ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ သုံးရက်ကြာဆွေးနွေးခဲ့တဲ့ တရုတ်နိုင်ငံ၊ ကူမင်းပြည်နယ်က ဟိုင်ဂင်ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က တောင်းဆိုချက် ခြောက်ချက် တောင်းဆိုခဲ့ပြီး အဲဒီအထဲက သုံ့ပန်းလဲလှယ်ရေးဆိုတဲ့ အချက်တစ်ချက်သာ သဘောတူညီမှုရဖို့နီးစပ်ခဲ့တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
ဇန်နဝါရီလ ၁၅ရက်ကနေ ၁၈ရက်အထိ ဆွေးနွေးခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က MNDAA သိမ်းထားတဲ့ လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက သိန္နီ၊ ကွမ်လုံ စတဲ့ မြို့နယ်တွေကနေပါ မဟာမိတ်တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့၊ အခွန်ကောက်ဂိတ်တွေမှာ စစ်ကောင်စီအရာရှိတွေ ပြန်လည်ကြီးကြပ်ခွင့်ပေးဖို့နဲ့ ကိုးကန့်တပ်တွေ အထူးဒေသ (၁)မှာသာ အုပ်ချုပ်ဖို့ဆိုတဲ့ အချက်တွေပါဝင်တယ်လို့ မဲခေါင်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတောင်းဆိုတဲ့ အချက်ခြောက်ချက်ထဲမှာ နှစ်ဖက်ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေလဲလှယ်ဖို့ဆိုတဲ့ အချက်တစ်ချက်သာ သဘောတူညီမှုရဖို့နီးစပ်ခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ကိုးကန့်တပ်သားတွေသာမကဘဲ မဟာမိတ်တပ်ဖွဲ့ဝင်တွေလည်း အများအပြား ကျဆုံးခဲ့ပြီး ဒီလိုနေရာကို ပြန်ပေးဖို့ဆိုတာ လွယ်လွယ်ကူကူမဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်ပါတယ်။
“တရုတ်ရဲ့ ထုတ်ပြန်ချက်မှာလည်း (အပစ်ရပ်ဖို့)ပဏာမသဘောတူလိုက်တယ် ဆိုတာပဲပါတယ်။ ဘာမှ ကျန်တာမပါဘူး။ လားရှိုးလိုနေရာပြန်ပေးလိုက်ရရင် ဒီမှာတင်ပြီးမှာမဟုတ်ဘူး တခြားမြို့တွေပါ ပြန်ပေးရမှာပေါ့” လို့ သူက ပြောပါတယ်။
ကိုးကန့်တပ် – MNDAA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်တယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ပြောလိုက်တဲ့ တချိန်တည်းနီးပါးမှာပဲ “ဝ” နယ်စပ်က နမ့်တစ်ဂိတ်၊ ကိုးကန့်နယ်စပ်က ချင်းရွှေဟော်ဂိတ်နဲ့ ကြားထဲက ရန်လုံကျိုင်းဂိတ်တို့ကို တရုတ်ဘက်က ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဝ”နယ်စပ်က နမ့်တစ်ဂိတ်ကနေ ကုန်သွယ်ရေးလုပ်ငန်းတွေ တရုတ်ဘက်က ပြန်လည်ခွင့်ပြုလိုက်တာ ဟုတ်မှန်တယ်လို့ “ဝ” တပ်ဖွဲ့ ပြောခွင့်ရ ဦးညီရမ်းက မဲခေါင်ကို အတည်ပြုပြောပါတယ်။
Myanmar Now သတင်းဌာနမှာတော့ စစ်ကောင်စီနဲ့ သဘောတူညီချက်ထဲမှာ ကိုးကန့်တပ်တွေ လားရှိုးကနေ ဇွန်လမှာ ပြန်လည်ဆုတ်ခွာပေးဖို့ဆိုတဲ့ သဘောတူညီချက်လည်းပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီဘက်ကတော့ လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေပြန်လည်ဆုတ်ခွာဖို့ အရင်ဟိုင်ဂင်ဆွေးနွေးပွဲတွေမှာကတည်းက တောင်းဆိုခဲ့တာလို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကိုးကန့်တပ် – MNDAA ဟာ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ရက်မှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး မြို့ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
MK – 004
#MeKongNews









