PNLA တောင်းတဲ့ ရန်ပုံငွေကို လုပ်ငန်းရှင်တွေဘက်ကမပေးဖို့ PNO နဲ့ စစ်ကောင်စီတားမြစ်၊ ပေးရင် လုပ်ငန်းချိတ်ပိတ်မယ်လို့ ဖိအားပေး
မဲခေါင်၊ ဇန်နဝါရီလ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရွာက လုပ်ငန်းရှင်တွေအနေနဲ့ PNLA တောင်းတဲ့တော်လှန်ရေး ရန်ပုံငွေကို ပေးဆောင်ရင် ဆိုင်တွေကို ချိတ်ပိတ်မယ်လို့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မဲခေါင်ကရရှိထားတဲ့ PNLA က တော်လှန်ရေး ရန်ပုံငွေအဖြစ် ကမ္ဘောဇဘဏ်အပါအဝင် လုပ်ငန်းရှင်တွေဆီပေးပို့ထားတဲ့ ငွေတောင်းခံစာ လေးရွက်မှာ ကျပ် ၂၄ သိန်းတစ်ဦး၊ ကျပ်သိန်း ၆၀တစ်ဦး ၊ ကျပ်သိန်း ၁၀၀၀ တစ်ဦး နဲ့ကျပ်သိန်း ၂၀၀၀ တစ်ဦး လို့ဖေါ်ပြထားပါတယ်။ ငွေတောင်းခံစာမှာဖေါ်ပြထားတဲ့အချက်အလက်တွေအရ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး တောင်းငွေပမဏ အနည်းအများကွာခြားတာဖြစ်ပါတယ်။
မဲခေါင်က အတည်ပြုနိုင်ဖို့ PNLA ထံဆက်သွယ်ခဲ့ရာ တော်လှန်ရေးအတွက်လိုအပ်လို့ ကောက်ခံတာဖြစ်တယ်လို့ PNLO/PNLA တာဝန်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက အတည်ပြုပါတယ်။
“သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ် ၊ အဲဒီအတိုင်းပဲ လုပ်မှာပါ”လို့ ပြောပါတယ်။
ရန်ပုံငွေပေးသွင်းရမယ့် နောက်ဆုံးရက်နဲ့ ပေးသွင်းရန် ပျက်ကွက်ပါက ထိရောက်စွာအရေးယူမယ်လို့ ငွေတောင်းခံစာမှာဖေါ်ပြထားပါတယ်။
ဆိုက်ခေါင်ရွာက လုပ်ငန်းရှင်တွေဟာ PNLA က တောင်းတဲ့ အခွန်ကို ပေးဆောင်ရင် PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီက ဆိုင်ကို ချိတ်ပတ်မယ်လို့ဖိအားပေးနေသလို PNLA ဘက်ကလည်း အခွန်မပေးရင် အရေးယူမယ် ဆိုတာကြောင့် ဘေးကြပ်နံကြပ်သဘော နှစ်ဘက်ကို ကြောက်နေရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ လုပ်ငန်းရှင် ဆိုင်ပိုင်ရှင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ ဆိုက်ခေါင်အခြေအနေကတော့ ဆုပ်လည်းဆူး စားလည်းရှုးပေါ့”လို့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လုပ်ငန်းရှင်တစ်ဦးက “အခွန်တော့ မပေးနိုင်ပါဘူး၊ သူတို့က ဆိုက်ခေါင်အတွက် ဘာလုပ်ပေးဖူးလို့ အခွန်လာတောင်းတာလဲပေါ့”လို့မေးခွန်းထုတ်ပါတယ်။
ပအိုဝ်းဒေသတွင်းမှာ PNO ပြည်သူ့စစ်ကလည်း အကြောင်းအမျိုးမျိုးပြပြီး ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တစ်အိမ်ကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၅၀၀၀၀ အထိ လစဉ်ကောက်ခံနေသလို လုပ်ငန်းရှင်တွေဆီကလည်း သာမန်အိမ်တွေထက်များတဲ့ ငွေပမာဏကိုလစဉ်ကောက်ခံတာမျိုးရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မဲခေါင်က ရရှိတဲ့သတင်းစကားတွေအရ PNLA ဟာ တော်လှန်ရေးရန်ပုံငွေအတွက် လုပ်ငန်းရှင်တွေဆီကသာ အခွန်ငွေခေါင်းစဉ်နဲ့တောင်းခံတာဖြစ်ပြီး PNOပြည်သူ့စစ်က အခြေခံလူတန်းစားအိမ်တွေကစပြီး လုပ်ငန်းရှင်တွေအထိ လစဉ်ကောင်ခံတာမျိုးရှိတယ်လို့သိရပါတယ်။
MK-017
#MeKongNews








