တောင်ကြီးမှာ စစ်ကောင်စီက လူငယ်နဲ့ အမျိုးသမီးတွေကို ပေါ်တာဆွဲမှု များလာ
မဲခေါင်၊ ဇန်နဝါရီ ၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လူငယ်နဲ့ အမျိုးသမီးများကို နေ့စဥ်ဖမ်းဆီးမှုတွေ၊ ပေါ်တာဆွဲမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ခန့်က တောင်ကြီးမြို့ပေါ်မှ လူငယ်နှစ်ဦး ညနေပိုင်းမှာ ပစ္စည်းထွက်ဝယ်ရင်း ဖမ်းဆီးခံလိုက်ရပြီး ယနေ့ထိ ဆက်သွယ်မရသေးဘူးလို့ ဖမ်းခံရသူနဲ့ နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဟာ တောင်ကြီးမြို့ပေါ်က အသက်ပြည့်ပြီးသူများ၊ မှတ်ပုံတင်မရှိသူများ၊ လမ်းဘေးအိပ်သူတွေပါ မကျန် ကတုံးတုံးပြီး ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိတယ်လို့ ကိုယ်တိုင်မြင်သူတွေက ပြောပါတယ်။
“မောင်လေးက အိပ်မပျော်လို့ မနက် ၄ ခွဲလောက် လမ်းလျှောက်မယ်ဆိုပြီး အိမ်ကထွက်သွားတာ။ ထ ၁ ကျောင်းနားရောက်တော့ ထွေအုပ်ကလူတွေ ကားနဲ့လှည့်တာနဲ့တိုးရော။ အဲ့တာဘာမှမမေးဘဲ ကားပေါ်ခေါ်တင်သွားတာ။ အိမ်ကို ၁၀ ခွဲ ၁၁ လောက်မှ စုပေါင်းရုံးမှာ ခဏခေါ်ထားတယ်တဲ့ဆိုပြီး ထွေအုပ်ကလူတွေက သူပါသွားတဲ့ဖုန်းကို ပြန်လာပေးတာ။ ပြီးတော့မှ ၁၂ ကျော်လောက်မှ မောင်လေးဖုန်းဆက်လာတော့ ထိပ်တုံးခတ်ပြီးခေါ်သွားတာ။ အခု ရွှေညောင်နားရောက်နေပြီတဲ့” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက တောင်ကြီးမြို့ပေါ် ကျောင်းကြီးစုရပ်ကွက်မှ လူ ၃၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးသလို သတင်းအစအနလည်း ပျောက်ဆုံးနေကြောင်း ရှမ်းပြည်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြပါတယ်။
ဒီလိုဖြစ်စဥ်တွေကြောင့် တောင်ကြီးမြို့မှာ ညဘက်အပြင်မထွက်ကြဖို့ မြို့ခံတွေအချင်းချင်း သတိပေးမှုတွေလည်း ရှိကြပါတယ်။ ဒါ့အပြင် လူငယ်အများစုဟာ နိုင်ငံရပ်ခြားကို ထွက်ခွာသွားသူတွေလည်း ရှိလာပါတယ်။
ဒီလိုဖမ်းဆီးခေါ်ဆောင်မှုတွေကို မြို့ခံတွေက စစ်ကောင်စီ ပေါ်တာဆွဲတာလို့ ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ အမြဲငြင်းဆိုပါတယ်။ ဒီလိုဖြစ်စဥ်မျိုး ရှိလာခဲ့လျှင် သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်သွယ်ကြဖို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အသက်သွင်းပြီးနောက် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်၂၂၇၆၅ ဦး ရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
CJ-018
#MeKongNews








