ပအိုဝ်းဒေသမှာ အခုနှစ် ဘိန်းစိုက်ပျိုးမှု သုံးဆနီးပါး မြင့်တက်လာ၊
PNOနဲ့ စစ်ကောင်စီက စိုက်ခင်းထဲအထိ ဘိန်းဆင်းဝယ်နေ
မဲခေါင်၊ ဒီဇင်ဘာ ၃၁
ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးတွဲထိန်းချုပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခု ၂၀၂၄ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၃ခုနှစ်နဲ့ နှိုင်းယှဉ်ပါက သုံးဆနီးပါးမြင့်တက်လာတယ်လို့ ဒေသတွင်း စောင့်ကြည့်လေ့လာသူတွေထံက သိရပါတယ်။
“ ဖမ်းဖို့နေနေသာသာ PNOနဲ့ စစ်တပ်က လူကြီးတွေနဲ့ ပွဲစားတွေကိုယ်တိုင် ခြံထဲအထိ လာဝယ်နေတာပဲ။ အဖမ်းအဆီးမရှိတော့ တစ်ခါမှမစိုက်တဲ့သူတွေတောင် စိုက်လာကြတယ်”လို့ ဆီဆိုင်ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာဖြစ်ပြီး ပင်လောင်းမြို့နယ်မှာ အများဆုံးတိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ဘယ်နားသွားသွား ဘိန်းခင်းတွေ အများကြီးပဲ။ ဒါပေမယ့် မိုးဖျက်တော့ သိပ်တော့မအောင်ကြဘူး။ ဘီလူးချောင်းဘက် တလျှောက်လုံး ဘိန်းခင်းတွေဖြစ်ကုန်ပြီ။ တောင်ပေါ်ခြံကတော့ ရွာတိုင်းလိုလိုစိုက်ကြတယ်။ အခုက တောင်ပေါ်ကခြံတွေသိမ်းပြီး ရေခြံတွေစိုက်ဖို့ ပြင်နေကြပြီ”လို့ ပင်လောင်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မဲခေါင်သတင်းအရင်းအမြစ်က ဆီဆိုင်၊ ပင်လောင်းမှာ အခုနှစ်ဘိန်းစိုက်ပျိုးမှု အရင်နှစ်ထက် တိုးလာပေမယ့် RFA သတင်းမှာတော့ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေမှာ အခုနှစ်ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၃ခုနှစ်အောက် လျော့နည်းလာတယ်လို့ဖေါ်ပြပါတယ်။
အဲ့ဒီဒေသတွေမှာ မိရိုးဖလာလုပ်ငန်းသဖွယ်ဖြစ်နေတဲ့ ဘိန်းစိုက်ပျိုးမှုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာတယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
“ပေါက်ဈေးကတော့ အခု တစ်ပိဿာကို ၁၀သိန်းကျော်ရတယ်။ ရေခြံကထွက်တာကတော့ ဈေးပိုကောင်းတယ်။ ကွာလတီလည်း ပိုကောင်းတယ်” လို့ဆီဆိုင်ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဘီလူးချောင်းဘေး တလျှောက်လုံးမှာ နေ့စဉ်ရေသွင်းစိုက်ပျိုးတဲ့စနစ်(ရေခြံ)နဲ့ စိုက်ပျိုးကြတာဖြစ်ပြီး ရေသွင်းစိုက်ပျိုးရတာကြောင့် စက်သုံးဆီဖိုးနဲ့ လုပ်အားခကုန်ကျစရိတ်ဟာ တောင်ယာခြံတွေထက် ပိုမိုများပြားသလို ထွက်ရှိလာတဲ့ဘိန်းစိမ်းတွေကလည်း တောင်ယာခြံကထွက်ရှိတဲ့ ဘိန်းစိမ်းတွေထက် အရည်အသွေးပိုကောင်းတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရပ်တည်နေသလို အဲဒီအထဲမှာ ရှမ်းပြည်နယ်ဟာ နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိခဲ့တယ်လို့ ဒီဇင်ဘာလ ၁၂ရက်က ထုတ်ပြန်ထားပါတယ်။
CJ-003
#MekongNews








